Pages

Top Menu

Tuesday, February 12, 2013

ဖားကန့်တွင် ကျောက်စိမ်းရိုင်းများကောက်နေသော ပြည်သူများကို အစိုးရတပ်မှ မောင်းထုတ်နေ

မြေစာပုံမှာ ရမဆေးကျောက်စိမ်း အလုအယက်ကောက်ယူနေတဲ့ ပြည်သူများ။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော် ဒေသတွင် ကျောက်စိမ်းရိုင်းများ (ရေမဆေး) ကောက်နေသောအရပ်သား ပြည်သူများကို မြန်မာအစိုးရတပ်ဖွဲ့များမှ အဓ္ဓမမောင်းထုတ်နေကြောင်း သိရသည်။

နေပြည်တော် အခြေစိုက် လုံထိန်းရဲတပ်ဖွဲ့များနှင့် စစ်တပ်ဖွဲ့များပူးပေါင်း၍ ရေမဆေး ကောက်သူများနှင့် ကျောက်စိမ်းတူးနေသော ပြည်သူလူထုများကို ကျောက်စိမ်းမှော်များမှ ပြန်သွားရန် အသံချဲ့စက်များဖြင့် ပြောနေခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

“ပြန်ကြတော့ မမြင်ချင်ဘူးဆိုပြီး မှော်တွေမှာ လိုက်ပြီးမောင်းထုတ်ကြတယ်။ မှော်ထဲမှာ ကျောက်စိမ်းတူး ကျောက်စိမ်းရှာတာတွေ မတွေ့ချင်ဘူးတဲ့။ အဲဒါကြောင့် အားလုံးမြန်မြန်ဖယ်ကြ ဆိုပြီးပြောတယ်။”

အစိုးရအာဏာပိုင်များသည် ဇန်န၀ါရီလမှ ထိုသို့ မောင်းထုတ်နေခြင်းဖြစ်သော်လည်း ပြည်သူလုထုများမှာ ၀မ်းရေးအတွက် ဆက်လက်ရှာဖွေ တူးဖော်နေခြင်းကြောင့် မလိုက်နာသူများကိုလည်း အစိုးရတပ်မှ ဖမ်းဆီး အရေးယူမှုများပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ ဖားကန့် မော်ဆီဆာ၊ ကသေမှော်၊ မာဆာမှော် နေရာများတွင်လည်း စွန့်ပစ်ကျောက်စိမ်းရိုင်းတုံး ကောက်နေသော (ရေမဆေးသမား) ပြည်သူများကို အစိုးရတပ်ဖွဲ့များမှ ရမ်းတန်းပစ်ခတ်နေကြောင်း ဖါးကန့်အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇော်ဒွဲက ပြောသည်။

“ရေမဆေးကောက်တဲ့လူတွေကို လိုက်ပစ်နေတာ။ သူတို့က ကျင်းတွေမှာ လူရှိတာတွေ့ရင်လိုက်ပစ်တယ်။ ခြောက်လန့်ပစ်တာလား ဘာလားတော့ မသိဘူး။ ထိအောင်ပစ်တယ်ဆိုတာတော့ မကြားသေးဘူး။” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

ကျောက်စိမ်းကုမ္ပဏီများသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကို အခွန်များပေးပြီး ကျောက်တူးနေရာမှ ယမန်နှစ် မေလမှ စပြီး ကုမ္မဏီများကို ရပ်ဆိုင်းရန်အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့အမိန့်ထုတ်လိုက်ခြင်းကြောင့် ကုမ္ပဏီများရပ်ဆိုင်းထားပြီးနောက် ၎င်းတို့၏ ကျန်ရှိနေသည့် ကျင်းဟောင်းများတွင် ပြည်သူများကို KIO က ပြန်လည်တူးဖော်ခွင့်ပေးထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ(၁၉) ရက်နေ့တွင် လဂျားယန်ဒေသတ၀ိုက် ပစ်ခတ်မှု မပြုလုပ်ရန် အစိုးရက ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက် ဖားကန့် ဒေသသို့ အစိုးရစစ်အင်အား ပြန်လည်တိုးချဲ့လာပြီး တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် KIA တပ်မဟာ (၂)၊ လက်အောက်ခံ တပ်ရင်း (၆) ကို နောက်ဆုတ်ပေးလိုက်ရသည်။

ထို့နောက် ဖားကန့်မှော်ဒေသရှိ KIA တပ်ကို အစိုးရတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး ယခုလို ကျောက်စိမ်းမှော်မှ ပြည်သူများကို နေပြည်တော်မှ သီးသန့် လုံထိန်းရဲများမှ လာရောက် မောင်းထုတ်နေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံများကပြောသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.