![]() |
မြန်မာအစိုးရတပ်များနဲ့ ၁၀၅ မမ အမြှောက်။ |
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ကြား စစ်ရေးတင်းမာမှုများလျှော့ချနိုင်ရေး အကောင်အထည်ဖော်ရန် တွေ့ဆုံဆွေးနွေးသဘောတူညီခဲ့ပြီးနောက် ယခုချိန် ကချင်ဒေသတွင်း ပြင်းထန်သည့်တိုက်ပွဲများ မရှိသေးသော်လည်း အစိုးရတပ်ဖွဲ့ဖက်မှ စစ်ရေးလှုပ်ရှားမှုနှင့် လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်မှုရှိနေဆဲဖြစ်ကြောင်း သိရသည်။
ယမန်နေ့ည ၉ နာရီမှ ယနေ့မနက် ၃ နာရီထိ လ၀ါယန် တောင်ကုန်းတွင်နေရာယူထားသော အစိုးရတပ်ဖွဲ့နှင့် လဂျားယန်ရှိအစိုးရတပ်ဖွဲ့တို့သည် KIA ဌာနချုပ်လိုင်ဇာအနီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ဖွဲ့များရှိရာဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း KIO ၏ မဟာမိတ် မြန်မာပြည်လုံးဆိုင်ရာကျောင်းသားတပ်မတော် (ABSDF) မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက KNG ကချင်သတင်းဌာန သို့ ပြောသည်။
“သူတို့ဖာသာ သူတို့ လျှောက်ပစ်နေတာ ဒီဘက်က (KIO) ပြန်မပစ်ဘူး။ အထိအခိုက်လည်း မရှိဘူး။ အမြဲတမ်း ပစ်တာတော့ ပစ်နေတယ်။” ဟုပြောသည်။
လိုင်ဇာ (Laiza) သွားလမ်းပေါ်ရှိ နမ်ဆမ်ယန် (Nam San Yang) ဒေသ မိုင်ဆတ်ပါ (Maisak Pa) တွင်လည်း အစိုးရတပ်ဖွဲ့များမှ KIA တပ်ဖွဲ့များရှိရာသို့ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းတန်းပစ်ခတ်လျက်ရှိနေသော်လည်း တိုက်ပွဲများမရှိသေးကြောင်း ရှေ့တန်း KIA အရာရှိတစ်ဦးပြောသည်။
ထို့အတူ တပ်မဟာ ၄ နယ်မြေများတွင်လည်း ပြင်းထန်သည့်တိုက်ပွဲမရှိသော်လည်း စစ်အင်အား တိုးချကာ စစ်ကြောင်း လှုပ်ရှားမှုရှိနေသည်ဟု တပ်မဟာ (၄) မှသိရသည်။
အစိုးရတပ်မှ ထိုသို့စစ်ကြောင်းလှုပ်ရှားမှုများ နှင့် ပစ်ခတ်မှုများဆက်လက်ပြုလုပ်နေခြင်းကို သုံးသပ်ခြင်းအားဖြင့် လတ်တလော KIO နှင့် အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုသည် စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံမှုမဟုတ်သေးကြောင်း ဗိုလ်မှူးမင်းဌေးက သုံးသပ်ပြောဆိုသည်။
“သူတို့ကတော့ နိုင်ငံတကာနဲ့ မြန်မာပြည်ထဲက လူထုတွေကို လိမ်ညာပြီး သူတို့လုပ်နေပြီဆိုတာကို ပြောနေ တယ်လေ။ နိုင်ငံတကာမှာလည်း နိုင်ငံတကာအကြိုက်ပေါ့နော် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးတွေကို သုံးပြီးတော့လုပ်နေတယ်။ ဒီနိုင်ငံတကာက တောင်းဆိုမှုတွေအရ ငြိမ်းချမ်းရေးတွေ လုပ်ကြတယ်လို့ပြော နေပေမဲ့ သူတို့ အောက်ခြေတပ်တွေကို ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က ညွန်ကြားထားတာလေ။ သူတို့လွှတ်တော် ထဲမှာတင် အမြစ်ပြုတ်ရေးတို့ အပြုတ်တိုက်ရေးတို့ ဆိုတဲ့ဟာတွေပေါ်လာတယ်ဆိုတာကို တွေ့ကတည်းက ဒီအစိုးရဟာ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးတွေသုံးပြီး ဟန်လုပ်ပြတာဖြစ်တယ်။
တကယ်စစ်မှန်တဲ့ တွေ့ဆုံမှု သူတို့လုပ်လိုတဲ့စိတ်ဆန္ဒမရှိဘူး။ တိုင်းရင်းသားတွေကို လက်နက်အားနဲ့ဖြည့်ပြီးမှ အပေါ်စီးကနေ စကားပြောမယ် ဆိုတဲ့ပုံစံမျိုးကို သူတို့လုပ်နေတာ။”
အမှန်စင်စစ်တွေ့ဆုံဆွေးနွေးမှုတွင် ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက် အစိုးရနှင့် KIO ကြားဆွေးနွေးမှုများတွင် နိုင်ငံတကာမှ သက်သေအဖြစ်ထားရှိပြီး ဆက်လက်ဆွေးနွေးသွားလျင် ပို၍အောင်မြင်မည်ဟု မျှော်လင့်ကြောင်းဆိုသည်။
“တခြားနိုင်ငံတွေကလည်း ကြားနာတဲ့ ပုံစံမျိုး သက်သေအနေနဲ့ ပါပြီးမှ တွေ့ဆုံရင်တော့ကောင်းတယ်။ နိုင်ငံတကာရှေ့မှာ စကားပြောရရင်တော့ လိမ်လို့မရတော့ဘူးပေါ့နော်။ ကမ္ဘာကလည်း အားလုံးက ဒီစစ်ဖြစ်တာကို လိုချင်ကြတာမဟုတ်ဘူး။ လိုလားကြတာမဟုတ်ဘူး။ အားလုံးက တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ငြိမ်းငြိမ်းချမ်ချမ်းနဲ့ပဲသွားချင်ကြတယ်ဆိုတော့ ပြည်သူလူထုကလည်း နိုင်ငံတကာကလည်းတောင်းဆိုမယ် ဆိုရင်တော့ သူတို့ မလုပ်ချင်လည်း လုပ်ရမယ့်အခြေအနေမျိုးပေါ့နော်။ အဲဒီအနေအထားမျိုးဆိုတော့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အဲဒါမှမဟုတ်ဘူး သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ထဲကို ဆွေးနွေးပြီးမှ သူတို့လိုချင်တဲ့ ပုံစံမျိုး ဒီလက်နက်ဖြုတ်သိမ်းပြီးမှ တစ်ဖက်သတ်အပေါ်စီးကနေ စကားပြောမယ်ဆိုရင်တော့ အခုပြောနေတဲ့ တွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းအဖြေရှာမှုဆိုတာက ဖြစ်လာမယ်မထင်ဘူး။” ဟု ဗိုလ်မှူးမင်းဌေးက ကချင်သတင်းဌာနသို့ သုံးသပ်ပြောဆိုခြင်းဖြစ်သည်။
ယခုချိန် ကချင်ပြည်နယ်တွင်း အစိုးရစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်မြင်တွေ့နေရဆဲဖြစ်ပြီး ယမန်နေ့ ဖေဖေါ်ဝါရီလ ၇ ရက် မှစ၍ ယနေ့ထိ မြစ်ကြီးနားမြို့လေတပ်မှ အစိုးရစစ်လေယာဉ် ၄ စင်းသည် ပန်ဝါဘက်သို့သွားလာမှုများပြုလုပ်ကြောင်း မြစ်ကြီးနားဒေသခံများပြောသည်။
“ဒီနေ့ ၁၁ နာရီမှာတော့ စစ်လေယာဉ် တစ်စီးထွက်တယ်။ မနေ့ကတော့ ၃ စီးဟုတ်တယ်။ စစ်တိုက်လေယာဉ် ၁ စီး လူတင်တဲ့ဟာမျိုး ၂ စီးဟုတ်တယ်။” ဟု မြစ်ကြီးနား ဒေသခံတစ်ဦးပြောသည်။
အစိုးရစစ်တပ်သည် KIA ၏ ဌာနချုပ်နယ်မြေရှိ လိုင်ဇာအနီး အဓိကကျသော စခန်းများကို ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း စစ်လက်နက်အင်အား ကြည်း၊ ရေ၊ လေ၊ အမြှောက်တပ်များဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သောကြောင့် KIA ဖက်က ခြေကုတ်စခန်း အများစုနောက်ဆုတ်လိုက်ရသည်။
၎င်းနောက် တိုက်ပွဲများခေတ္တငြိမ်သက်လာပြီး အစိုးရစစ်တပ်မှ လိုင်ဇာဌာနချုပ်နယ်မြေအတွင်းတွင် လက်နက်ကြီးများဖြင့်သာ ခြိမ်းခြောက်ပစ်ခတ်မှုများပြုလုပ်နေပြီး တခြားသောပန်ဝါဒေသနှင့် ဖားကန့်ဒေသဖက်သို့မူ စစ်ကြောင်းများဆက်လက်လှုပ်ရှားလာနေချိန်ဖြစ်ကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် ဖေဖ၀ါရီ ၄ရက်နေ့က တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန်အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားသောနေရာများကို လေ့လာစောင့်ကြည့် စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေး သဘောတူညီခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုပြီးသည့်နောက် ၆ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုမှ ပူတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းအပေါ် ကြိုဆိုလိုက်ပြီး ကချင်ပြည်နယ်အတွင်းက အကြမ်းဖက် ပဋိပက္ခတွေ လျှော့ကျစေရေးနှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ပြီး အခြေအနေပိုမို တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com
No comments:
Post a Comment
Note: Only a member of this blog may post a comment.