Pages

Top Menu

Thursday, March 14, 2013

ဧရာဝတီမြစ်ကိုဖျက်ဆီးနေသော စီမံကိန်းများရပ်ရန် တောင်းဆို

ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံမှာ ရေကာတာ တည်ဆောက်နေခြင်း ရပ်တန့်ရန် ဒေသခံများ တောင်းဆို။
 ဧရာဝတီမြစ်ကိုဖျက်ဆီးနေသော စီမံကိန်းများရပ်ရန် တောင်းဆို
ယနေ့ မတ်လ (၁၄) ရက်နေ့ကျရောက်သည့် ‘နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာလှုပ်ရှားမှု အထိန်းအမှတ်နေ့’ တွင်  ကချင်ပြည်နယ်အခြေစိုက် လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ ဦးဆောင်၍ မြစ်ဆုံဒေသခံလူထုများက ဧရာဝတီမြစ်ကို ဖျက်ဆီးနေသော စီမံကိန်းများရပ်ဆိုင်းပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

ဧရာဝတီမြစ်ပေါ်တွင်တည်ဆောက်နေသော မြစ်ဆုံရေကာတာစီမံကိန်း အပါအ၀င် အခြားသော ရေကာတာ စီမံကိန်း (၇) ခုအား လုံးဝရပ်တန့်ရေးနှင့် ဧရာဝတီမြစ်ကို ဖျက်ဆီးနေသော မြစ်တလျှောက်ရွှေတူးဖော်ရေးလုပ်ငန်းများအားလုံး ရပ်တန့်ရေးနှင့် ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ ခံရွာသားများ မိမိတို့ရွာနှင့် လယ်ယာမြေများ ပြန်လည်ရရှိကာ လုပ်ကိုင်စားသောက်နိုင်ရန်  တောင်းဆိုမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီစဉ်ကို ဒေသခံပြည်သူလူထု ၁၀၀ ကျော်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခ-မလိခ မြစ်ဆုံရာဒေသတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကချင်ရိုးရာဝတ်စုံများဝတ်ဆင်ကာ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာဖြင့် ရေးသားထားသော “ရေကာတာတည်ဆောက်ခြင်း ချွင်းချက်မရှိရပ်ဆိုင်းရန်၊ မိမိနေရပ်သို့နေခွင့်ပြုပါ၊ ရွှေတူးဖော်ခြင်းအလိုမရှိ၊ ဧရာဝတီမြစ်ကျန်းမာပါစေ” ဆိုသည့် ပိုစတာများကို ကိုင်ဆောင်ကာ သီချင်းများသီဆိုခဲ့ကြကြောင်း လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ သိရသည်။

ထိုအစီစဉ်အား ကချင်ပြည်နယ်အခြေစိုက် လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ  ပထဦးဆုံးကြိမ်ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြစ်ချောင်းအင်းအိုင်များကိုချီးမွမ်းခြင်းနှင့်အတူ ထိုသို့ တောင်းဆိုမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဝင် ဆရာမ ဂျာခေါန် KNG ကချင်သတင်းဌာနသို့ပြောသည်။  

“အရင်တုန်းကတော့ မလုပ်ဘူး။ ကျမတို့က တန်ဖရဲ မြစ်ဆုံမှာ နေပေမယ့် ဒီလိုမျိုးကျမတို့ရဲ့ မြစ်ဆုံကို ချီးမွမ်းတဲ့ အစီအစဉ်တွေ၊ ကျမတို့ဝန်ပေါင်မျိုးရှာ (ကချင်လူမျိုး)တွေရဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ မြစ်ဆုံ သာမက မြစ်ချောင်း၊ မြစ်ရေများကို ချီးမွမ်းတာတွေကို မသိခဲ့ဘူး။ ဒါမဲ့ ဒီနှစ်မှာလုပ်နိုင်ခဲ့တာ ဘုရားသခင်ကျေးဇူးကို ချီးမွမ်းပါတယ်” ဟု ပြောသည်။

အဆိုပါဧရာဝတီမြစ်ဆုံပေါ် တည်ဆောက်မည့်ရေကာတာစီမံကိန်းကို  နိုင်ငံတော်သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းထားသည်မှာ တနှစ်ကျော်ကြာပြီဖြစ်သော်လည်း စီမံကိန်းကြောင့်ပြောင်းရွှေ့ခံထားရသော ဒေသခံများ၏ ပြဿနာအခက်ခဲဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် ထိုသို့တောင်းဆိုမှုများပြုလုပ်ခြင်းဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) မှ မအားနန်ပြောသည်။

“ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်မဲ့ရေကာတာကြောင့်မို့ ဒေသခံတွေက ဆိုးကျိုးခံစားနေရတယ်။ လက်ရှိအခြေအနေမှာ သမ္မတကရပ်လိုက်ပြီပြောပေမယ့် ဒီဒေသခံတွေက ခုချိန်ထိရွာတွေကိုလည်း ပြန်လို့မရသေးဘူး။ ဒီနေရာမှာ ရေကာတာကြောင့်မို့ မဟုတ်ဘဲနဲ့ သစ်ထုတ်လုပ်မှုတွေရော ရွှေတူးမှုတွေကြောင့် ဒေသခံတွေ သာမက သဘာဝပတ်ဝန်းကျင် မြစ်ချောင်းတွေဆိုးကျိုးတွေ ထိခိုက်နေတယ်။ ဒီနေ့မှာ တစ်ကမ္ဘာလုံးမှာသက်ဆိုင်တဲ့ မြစ်ချောင်းများဆိုင်ရာနေ့မှာ သူတို့အနေနဲ့ ဆန္ဒပြထုတ်ဖော်ခြင်းဖြစ်တယ်” KDNG မှ အားနန် KNG ကချင်သတင်းဌာနသို့ပြောသည်။

၎င်းအစီအစဉ်တွင် မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် (MSDN) မှ ကိုနေမျိုးဇင် နှင့် လွှတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း ဂီတအဖွဲ့ဝင်များလည်းပါဝင်ခဲ့သည်။

မြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ပြန်လည်နေရာချထားရေးနယ်မြေ အောင်မြင်သာရွာသစ်သို့ ပြောင်းရွှေ့ခံထားရသော အိမ်ခြေ ၃၂၇ နှင့် လူဦးရေ ၂၀၀၀ ကျော် သည် နေရာသစ်တွင် လုပ်ကိုင်စားသောက်ရန်အခက်ခဲရင်ဆိုင်နေရဆဲဖြစ်ကြောင်းဒေသခံများပြောသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.