Pages

Top Menu

Thursday, March 7, 2013

ဒုတိယကမ္ဘာစစ်အတွင်း တိုင်းရင်းသား နယ်မြေများတွင် ကျဆုံးသွားခဲ့သော ဂျပန်ရဲဘော်များ၏ ရုပ်အလောင်း ကူညီရှာဖွေရန် UNFC သဘောတူ

ဒုတိယ ကမ္ဘာစစ်က ဂျပန်စစ်သားများ။
ဂျပန်အစိုးရမှ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားနယ်မြေအတွင်း ကျဆုံးသွားခဲ့သော မိမိတို့ဂျပန်ရဲဘော်များ၏ ရုပ်အလောင်းကို ကူညီရှာဖွေပေးရန်ကမ်းလှမ်းခဲ့ရာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်များက သဘောတူခဲ့သည်။

UNFC အဖွဲ့ဝင်များဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၁၁ ဖွဲ့မှ ၄င်းတို့ နယ်မြေအသီးသီးတွင် ဂျပန်ရဲဘော်ရုပ်လောင်းများရှိနိုင်သည့် နေရာများကို စုံစမ်းပေးသွားမည်ဖြစ်ပြီး ဂျပန်အစိုးရအဖွဲ့များမှ တူးဖော်သွားမည်ဖြစ်ကြောင်း UNFC မှသိရသည်။

အဆိုပါသဘောတူညီချက်ကို ဂျပန်အစိုးရမှ ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းအတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားနယ်မြေများတွင် ၄င်းတို့ဂျပန်ရဲဘော်များရုပ်အလောင်း ကူညီရှာဖွေပေးရန် တောင်းဆိုလာခဲ့ချိန် UNFC အဖွဲ့မှ သဘောတူခြင်းဖြစ်ပြီး ငြိမ်းချမ်းသောတိုင်းရင်းသားနယ်မြေများတွင် ဦးစားပေးလုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း UNFC ၏ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာ ကပြောသည်။

“UNFC အဖွဲ့မှာပါတဲ့ ကျနော်တို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအားလုံးကို သူတို့တောင်းဆိုတယ်။ လုပ်လို့ရတဲ့နေရာတွေမှာ လုပ်မယ်။ အဲဒါကို သဘောတူထားတယ်။ တိုက်ပွဲဖြစ်နေသေးတဲ့ ကျနော်တို့နေရာမှာတော့ အခုချိန်မှာ ငြိမ်းချမ်းမှုမရှိသေးဘူးဆိုတော့ မရသေးဘူး။ ဒါပေမဲ့ မြစ်ကြီးနားအနီး တ၀ိုက်မှာတော့ သူတို့ အရင်ကသတင်းရထားတာတွေက စုံစမ်းရမှာပါ။ တခြားငြိမ်းချမ်းရေးယူထားတဲ့နေရာ လုပ်လို့ရတဲ့နေရာတွေမှာ အရင်လုပ်သွားလိမ့်မယ်။” ဟု ဒေါက်တာလဂျာက KNG ကချင်သတင်းဌာနသို့ပြောသည်။

ကချင်ပြည်နယ်တွင် ဂျပန်စစ်သားများရုပ်အလောင်း တွေ့ရှိနိုင်မည်ဖြစ်သော်လည်း ယခုချိန် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ငြိမ်းချမ်းမှုမရရှိသေးချိန်အတွင်း ရှာဖွေ၍မရသေးကြောင်း UNFC ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာ ဆိုသည်။

အဆိုပါရုပ်အလောင်းများကို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရဲဘော်များနေခဲ့သည့် တိုင်းရင်းသား နယ်မြေများတွင် ရှာဖွေသွားရန်ဖြစ်သည်ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ပြောသည်။

“ရှိနိုင်တဲ့နေတွေရာမှာ လိုက်ရှာပေးရုံပါ။ သံဖြူဇရပ်နဲ့ ဘုရားသုံးဆူ အဲဒီရထားလမ်းဖောက်တုန်းက အဲဒီတလျှောက်မှာရှိဖို့များမယ်။ နောက်ကရင်နီဘက်မှာလည်းရှိတယ်လို့ကြားတယ်။ ကချင်ပြည်နယ်မှာ လည်းတော်တော်ရှိတယ်။ အစိုးရနယ်မြေတွေမှာတော့ သူတို့ရှာဖွေပြီးပြီပြောတယ်။ ဒီတော်လှန်ရေး နယ်မြေတွေမှာ ရှာဖွေမရလိုက်တာပေါ့နော်။ အခုတော့ ဒီအပစ်ခတ်ရပ်စဲရေးကိစ္စနဲ့ UNFC နဲ့ အဆက်အသွယ်ရလာလို့ သူတို့ အကူအညီတောင်းလာတာပါ။ အရင်တုန်းက ဒီလိုအဆက်အသွယ်မရှိတော့ သူတို့လည်း ဆန္ဒရှိလည်း မလုပ်နိုင်ဘူးပေါ့။ ဘယ်အချိန်ကနေ စရှာမယ်ဆိုတာက အခုထိတော့ပြော လို့မရသေးဘူး။ သိပ်မကြာခင်မှာ ပေါ့နော်။” ဟုပြောသည်။

အဆိုပါ ကျဆုံးသွားသော ဂျပန်ရဲဘော်များရုပ်အလောင်းနှင့် ပတ်သက်၍  စာရင်းအတိအကျ မပြောနိုင်သေးကြောင်း ဆက်ဆိုသည်။

Kachinnet စာမျက်နှာတွင်မူ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအတွင်း ကျဆုံးသွားသော ဂျာပန်ရဲဘော်များစုစုပေါင်း ၁၃၇၀၀၀ ခန့်မှ ၉၁၃၉၀ ခန့်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်း ၄၅၆၁၀ ခန့်မှာ ဆက်လက်၍ ပျောက်ဆုံးနေသောကြောင့် ပျောက်ဆုံးနေသော ရုပ်အလောင်းများကို မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများအတွင်း ရှိမည်ဟု ဂျာပန်အစိုးရမှ သုံးသပ်ပြောဆိုနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.