Pages

Top Menu

Wednesday, April 17, 2013

ဧရာဝတီ မြစ်ကမ်းတစ်လျှောက် သဲကျောက်များ တူးဖော်ရောင်းချမှု ဒေသခံများ အိမ်ခြံထိ ရောက်လာ

မြစ်ကြီးနားအထက် ၁၀ မိုင်အကွာ လမြန်ကျေးရွာ မလိခ (ဧရာဝတီ) မြစ်ကမ်း။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက် ၁၀ မိုင်အကွာရှိ ဧရာဝတီမြစ်ကမ်းစပ်တလျှောက်မှ သဲကျောက်များကို ရွာလူကြီး၏ခွင့်ပြုချက်ဖြင့် လေလံဆွဲ တူးဖော် ရောင်းချနေရာ ဒေသခံများ၏ ခြံအနီးသို့ရောက်လာသောကြောင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။

၎င်းသဲများကို လမြန်ကျေးရွာ ဧရာဝတီ (မလိခ) မြစ်ကမ်းစပ်မှတူးဖော်သယ်ယူနေခြင်းဖြစ်ပြီး ထိုကျေးရွာလူကြီးမှ ကျေးရွာရံပုံငွေဟု အကြောင်းပြကာ လေလံပေး၍ မိမိကိုယ်ကျိုးအတွက် လည်း ရောင်းချနေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

လမြန်ကျေးရွာ မြစ်ကမ်းတလျှောက်မှ သဲကျောက်များကို တူးဖော်သယ်ယူရာ တွင် ဒေသခံများ နေအိမ်ခြံအနီးသို့ရောက်လာသောကြောင့် ရေလွှမ်းမိုးမည့်အန္တရာယ်ရင်ဆိုင်ရမည်ကိုလည်း စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။

“ဒီရွာမှာလည်း လမ်းမကောင်းတဲ့နေရာ ချိုင့်တွေမှာလည်း ထည့်ကြတယ်။ ဒါပေမဲ့ ဒီမှာထည့်တာက နည်းနည်းပဲ သူများသယ်ယူသွားတာက ပိုများတယ်။ တရုတ်၊ ကချင်၊ ဗမာ အကုန်လုံးပဲ လေလံယူတဲ့လူတွေက။ သူတို့က တဆင့်ပြန်သယ်ရောင်းချတာလေ။ သဲတွေတောင်ကုန်လာတယ် ကုန်လာလို့ ရွာက ခြံနဲ့တောင် နီးလာပြီ။ ကြာရင်တော့ မိုးရွာပြီး ရေကြီးလာလို့ရှိရင် တဖြည်းဖြည်း ရေတိုက်စားလာမယ် ရွာအထဲရောက်လာမယ်။ အရင်ကဆို ကမ်းစပ်နဲ့ ရွာနဲ့ အဝေးကြီးပဲ အခုတော့ အရမ်းနီးလာပြီ” ဟု ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနသို့ပြောသည်။

သဲများတူးဖော်ရာတွင် ဒေသခံများ၏ ခြံနှင့် ပေ ၅၀ ခန့်အကွာထိ တူးဖော်ရောက်လာခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ဘက်သို့ သယ်ယူရောင်းချရာတွင် ကားများသည်  တစ်ရက်အတွင်း ကား အစီး ၆၀ ခန့် ဖြင့် နေ့ညမပြတ် သယ်ယူနေခြင်းဖြစ်သည်ဟု ပြောသည်။

ထို့သို့ အဆက်မပြတ်သယ်ယူနေခြင်းကြောင့် ရွာအတွင်း လမ်းများလည်းပျက်စီးလာသည်ဟု ဒေသခံကပြောသည်။

“ကားတွေအများကြီးပဲ မနက်ကနေ ညမိုးချုပ်ထိ တရုတ်ကားကြီးတွေ တုန်ဖုန်းကားတွေပဲ။ သဲတွေလဲ ကုန်လာပြီ။ ကျောက်သယ်တာနဲ့ သဲသယ်တာနဲ့ ရေသယ်တာနဲ့ ရှုပ်ယှက်ကိုခတ်နေတာပဲ။ လမ်းတွေလည်း ပျက်ကုန်ပြီ။ ကူးတို့ဆိပ်လည်း အရင်ကနဲ့ မတူတော့ဘူး။ အားလုံးပျက်သွားပြီ ရွာကလူတွေလည်း အရင်က ရွှေနည်းနည်းတူးရင်တောင် ပျက်တယ်ဆိုပြီး မတူးခိုင်းဘူး။ အခုတော့ တခြားလူစိမ်းကိုတော့ ပြန်ဝင်ခိုင်းတယ်ဆိုပြီး အရမ်းပြောနေကြတယ်။ ရွာလူကြီးကိုလည်း ပြောတော့ပြောပေမဲ့ ပြောလို့မရဖြစ်နေတာပေါ့” ဟု ဆက်ဆိုသည်။

သဲ လေလံသယ်ယူမှုနှင့် ပတ်သက်ပြီး ဒေသခံများစွပ်စွဲမှုနှင့်ပတ်သက်၍ လမြန်ကျေးရွာလူကြီးအား မေးမြန်းဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

လမြန်ကျေးရွာဘက် သဲကျောက်များ ကုန်လာခြင်းကြောင့် ထိုကျေးရွာအထက်ရှိ မှော်တောင်းကျေးရွာ မြစ်ကမ်းစပ်တွင်လည်း ဆက်လက်တူးဖော် လာကြောင်း မော်တောင်းဒေသခံများကပြောသည်။

“သူတို့ဘက်မှာ ကုန်လာလို့ ဒီဘက်မှာတောင် ချဲ့လာလို့ ဒီကလူကြီးတွေတောင် ပြန်သွားပြောတာဟုတ်တယ်” ဟု မော်တောင်းဒေသခံတစ်ဦးက ပြောသည်။


လမြန်ကျေးရွာကမ်းစပ်မှ သဲများကို ယမန်နှစ်မှာလည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ခွဲထွက် ဗိုလ်မှူးကြီး လဆန်အောင်ဝါ ( လ၀ါယန် ဌာနေပြည်သူ့စစ်အဖွဲ့) မှ လေလံယူခဲ့သေးကြောင်း သိရသည်။

လမြန်ကျေးရွာ မြစ်ကမ်းစပ်သည် ၀ိုင်းမော်မြို့နယ်၏ တစ်ဖက်ကမ်းတွင်ရှိပြီး လှေကူးတို့ ဆိပ်ထားရှိရာနေရာ လည်း ဖြစ်သည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.