Pages

Top Menu

Thursday, April 18, 2013

လိုင်ဇာ-မြစ်ကြီးနားလမ်း ဆိုင်ကယ်သမား အချို့ ပြန်လည်ပြေးဆွဲ


မြစ်ကြီးနား-လိုင်ဇာလမ်း
တိုက်ပွဲကြောင့် တစ်နှစ်ကျော်ကြာပိတ်ထားခဲ့ရသောကချင်ပြည်နယ် လိုင်ဇာ-မြစ်ကြီးနားကားလမ်းကို ယခုအခါ တချို့ ပြည်သူများသည် ဆိုင်ကယ်ဖြင့် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို တရားဝင် မဖွင့်သေးသော်လည်း အချို့ဖြတ်သန်းသွားလာနေခြင်းဖြစ်ပြီး အများစုသည် ဆိုင်ကယ်ကယ်ရီသမားများဖြစ်ကာ ခရီးသည်များကို ၀ိုင်းမော်မြို့ထိ ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း လိုင်ဇာဒေသခံများပြောသည်။

ထိုသို့လိုင်ဇာ-မြစ်ကြီးနားလမ်းတွင် ဆိုင်ကယ်ဖြင့် ပြေးဆွဲနေသည်မှာ ၂ ပတ်ခန့်ရှိပြီဖြစ်ပြီး လဂျားယန်ဘက်မှ မဟုတ်ပဲ မုန်လိုင်ခက် လမ်းဘက်မှ ဖြတ်၍သွားလာနေခြင်းဖြစ်ရာ ယခုချိန်ထိ ဆိုင်ကယ်ဖြင့် ပြေးဆွဲသူ ၄ ယောက်ခန့်ရှိနေသည်ဟု ဆိုင်ကယ်ဖြင့် သယ်ပို့ပေးနေသူ ဒေါ်နန်ထွယ်က ပြောသည်။

၎င်းက အစိုးရဂိတ်များတွင် မေးမြန်းစစ်ဆေးမှုများပြုလုပ်သော်လည်း ခြိမ်းခြောက်မှုများနှင့် အခွန်ကောက်ခြင်းများလည်းမရှိကြောင်း KNG ကချင်သတင်းဌာနသို့ပြောသည်။

“နမ်ဆန်ယန် ဂိတ်မှာမှတ်ပုံတင်ကြည့်ပြီးဘယ်ကလဲ ဘယ်မြို့မှာလုပ်တာလဲဆိုတာတွေမေးတယ်။ ကျမတို့လဲဗြောင်ပြောတယ်လေ။ ကလေးတွေကို ရှာကြွေးရမယ်လို့။ တခြားလုပ်စားလို့မရလို့ ကယ်ရီလုပ်စားတာဟုတ်တယ်။ အဲဒါကြောင့် သွားချင်တဲ့ လူတွေကိုလိုက်ပို့တာပဲ လို့ပြောတယ်။ သူတို့လည်းနင်တို့ကိုအခုလို လိုင်ဇာကိုဝင်တာကိုတော့ တရားဝင်ဖွင့်ထားတာမဟုတ်ဘူးနော်။ နားလည်မှုနဲ့သွားခိုင်းတာပဲဆိုပြီးပြောတယ်”

ယခုချိန်သွားလာနေသောဒေသခံများသည် လိုင်ဇာသွားလမ်းပေါ်ရှိနားလုံတွင် ရှမ်းလူမျိုးများစိုက်ပျိုးသောဖရဲသီးများကို တရုတ်ပြည်ဘက်သို့ တင်ပို့ရောင်းချနေချိန်ဖြစ်သောကြောင့် ၎င်းတို့ကိုနားလည်မှုဖြင့် သွားလာခွင့်ပြုထားခြင်းလည်းဖြစ်ကြောင်း ဒေါ်နန်ထွယ်ကဆက်ဆိုသည်။

“ဖရဲသီးလုပ်တဲ့ ရှမ်းတွေကနမ်ဆန်ကအစိုးရတွေကို တရုတ်ပြည်ကိုဖရဲသီးတင်သွင်းဖို့ ခွင့်တောင်းထားတာလေ။ ဖရဲသီးအရေးအခင်းကြောင့်ပဲ ကျမတို့ကိုနားလည်မှုနဲ့ ပေးသွားနေတာပေါ့နော်။ အဲဒါပြီးရင်တော့ ကျမတို့လည်း အသွားအလာခက်မယ်ထင်တယ်”

၎င်းတို့သည် အစပိုင်းတွင် လိုင်ဇာမှ နမ်ဆန်ယန်ထိဆိုင်ကယ်ဖြင့် လိုက်ပို့ပေးကာ ခရီးသည်များသည် နမ်ဆန်ယန်မှ ဗန်းမော်သို့ တဆင့်ကား ပြန်စောင့်ကာ မြစ်ကြီးနားသို့ သွားနေခြင်းဖြစ်ကြောင်းသိရသည်။

လိုင်ဇာမှ နမ်ဆန်ယန်ထိဆိုင်ကယ် ကယ်ရီခ ၈၀၀၀ ဖြင့်ပို့ဆောင်နေပြီး ဗန်းမော်-မြစ်ကြီးနား ၁၅၀၀၀ ဖြင့်သွားနေကြောင်း ဒေါ်နန်ထွယ်ကပြောသည်။

“သွားချင်တဲ့လူတွေကိုပို့တယ်။ အသွားကတော့ ကန်ပိုင်တီကနေလာခဲ့တာတွေလေနော်။ အပြန်တော့ ကျမတို့ပို့တာသိလို့ပြောလာတာရှိရင်ပို့ပေးတယ်။ ကန်ပိုင်တီလမ်းဆိုရင် ၈၀၀၀၀ ကုန်တယ်လေ ကျမတို့ပို့ပေးတော့ အရမ်းဝမ်းသာကြတယ်။ ကျမက အစကတော့ လိုင်ဇာကနေ နမ်ဆန်ယန်အထိ ပဲပို့ပေးတယ်။ သူငယ်ချင်းတွေတော့ အရင်ကလည်း သွားနေတယ်။ မနေ့ကတော့ သူတို့လူတစ်ယောက်ပိုတယ်ဆိုပြီး ကျမရောလိုက်သွားဖြစ်တာ။ မြစ်ကြီးနား ထိမရောက်ဘူး ၀ိုင်းမော်ထိပဲ”

လိုင်ဇာ-မြစ်ကြီးနားကားလမ်းကို ၂၀၁၁ ခုနှစ်၊ ဇွန်လ အစိုးရတပ်ဖွဲ့နှင့်ကချင်လွတ်မြောက်တပ်ဖွဲ့ (KIA) တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ လုံခြုံရေးအရ ယာဉ်များသွားလာမှုရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဤသို့ဖြင့် တနှစ်ကျော်ကြာပိတ်ထားခဲ့သော ဗန်းမော်-မြစ်ကြီးနားကားလမ်းကိုလည်း ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့မှစ၍ လမ်းဖွင့်ပေးခဲ့ပြီး ဒေသခံများသွားလာနေပြီဖြစ်သည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.