Pages

Top Menu

Monday, March 25, 2013

ကချင်ပြည်နယ်မှ သစ်ထုတ်လုပ်မှုများ နေ့ ည ရာချီနယ်စပ်သို့ထွက်နေ

ကချင်ပြည်နယ် အင်ဘာပါမှ တရုတ်နယ်စပ် နောင်တောင်း သစ်စခန်းသို့ ထွက်လာတဲ့ သစ်ကားများ။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာနယ်စပ်နှင့် နောင်တောင်းတရုတ်နယ်စပ်မှ နေ့စဉ် သစ်ကားကြီးများသည် တိုက်ပွဲများလျှော့ကျသွားချိန် ယခုလလည်ပိုင်းမှစ၍ တရက်အတွင်း ကားအစီး ရာချီနယ်စပ်သို့ တင်ပို့နေကြောင်းသိရသည်။

ဧရာဝတီမြစ်အနောက်ဖက် ဆင်ဘို၊ ဂေါင်ဂွေပါ၊ ပန်ခေါန်ပါ စသည့် နယ်မြေများမှ သစ်များထုတ်ယူနေခြင်းဖြစ်ပြီး ကားများတွင် သစ်တန် ၂၀၀ ထက်မနည်းတင်ကာ အဆက်မပြတ် နယ်စပ်တံတားမှ တရုတ်ပြည်ဘက်သို့ တင်ပို့နေသည်ဟု လိုင်ဇာမြို့မှ သစ်လုပ်ငန်းနှင့်ဆက်စပ်သူ ဒေသခံ မျက်မြင်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“လိုင်ဇာအဝင်ပေါက်ကနေဖြတ်နေတာ ညမှာလဲ ညလုံးပေါက်သွားနေတာပဲ.. KIO ထိန်းချုပ်နယ်မြေကနေ ဖြတ်နေတာလေ”

၎င်းနယ်စပ်မှတဆင့် တရုတ်ပြည်သို့တင်ပို့နေသော သစ်ကားများသည် KIO လိုင်ဇာလမ်း၊ ဗန်းမော်-အင်ဘာပါ-နောင်တောင်းလမ်း၊ ဒွမ်ပုန်ဇွမ်လမ်းများမှ တင်ပို့နေခြင်းဖြစ်ရာ ယခုချိန် အများစုသည် ဗန်းမော်-နောင်တောင်းလမ်းမှ နေ့စဉ် ဖြတ်သန်းနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်ပါဘာ-နောင်တောင်း တရုတ်နယ်စပ်သို့ နေ့စဉ် ဖြတ်သန်းနေသောသစ်တင်ကားများသည် တစ်ရက်လျင် အစင်း ၆၀၀ အထက်ရှိမည်ဟု အင်ဘာပါရှိဒေသခံများခန့်မှန်းပြောဆိုသည်။

ဧရာဝတီမြစ်အနောက်ဖက် သစ်တောကြီးများမှ ထုတ်သောသစ်များကို မိုးညှင်းအနီးဒေသရှိ သံလမ်းဘက်မှ မလိခမြစ် (ဧရာဝတီမြစ်) မှမျှော၍ KIO ထိန်းချုပ် နယ်မြေမှ ဖြတ်ပြီး တရုတ်ပြည်သို့ ပို့ဆောင်နေခြင်းဖြစ်သည်ဟု သစ်ကုန်သည်များနှင့် နီးစပ်သူများမှသိရသည်။

ထိုသို့ သစ်လုပ်ငန်းများ ရုတ်တရက် နေ့စဉ် တရုတ်ပြည်သို့ များစွာတင်ပို့နေခြင်းသည် KIO နှင့် မြန်မာအစိုးရများ၏ ခွင့်ပြုချက်ဖြင့်သာ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာနိုင်ခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုသည်။

၎င်းသစ်ထုတ်လုပ်မှုနှင့် နေ့စဉ် တင်ပို့မှုများနှင့်ပတ်သက်၍ သစ်ကုန်သည်များထံမှ အတည်ပြုမေးမြန်းသော်လည်း မရနိုင်သေးပေ။

ထိုသို့ သစ်များနေ့စဉ် ဖြတ်သန်းမှုကြောင့် ဆိုးကျိုးများသည် ကျေးရွာများတွင် ဖုံထူထပ်လာကာ ဒေသခံများ ကျန်းမာရေးအတွက် အခက်ခဲကြုံတွေ့နေရကြောင်း အင်ဘာပါ ဒေသခံအမျိုးသမီး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ဖုံထူတာလေ ဒူးလောက်ရှိတယ်။ အရွက်တွေတောင် စိမ်းတာမရှိတော့ဘူး။ နေ့ည အချိန်ပြည့်ဖြတ်နေတာပဲ အိပ်လို့တောင်မရဘူး။ ကျမတို့ ပြည်သူတွေက ဖုံဘဲရှူနေရတယ်… အဆုပ်ရောဂါ တီဗွီရောဂါနဲ့ပဲ သေတော့မယ် ဘယ်လိုမှ မပြောတတ်တော့ဘူး…ဖုံတွေဘဲရှူနေရတော့ အဆုပ်ဆေးတွေတောင် သောက်နေရတယ်.. ထမင်းလဲကောင်းကောင်း မစားရဘူး… ၅ မိနစ် ၁၀ မိနစ်တောင်မခြားဘူး…. ဖြတ်နေကြတယ်” ဟု အင်ပါဘာဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါသစ်လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာချိန် ဖုံထူထပ်မှုကြောင့် အင်ဘာပါဒေသခံတဦး သစ်ကားတိုက်၍ သေဆုံးသွားသည့် အဖြစ်အပျက်မျိုးလည်းရင်ဆိုင်နေရသည်ဟုဆိုသည်။

ထိုသို့ဖြစ်ပွားပြီးနောက် သစ်ထုတ်လုပ်သည့် လုပ်ငန်းရှင် လောပန်းများမှ ဖုံထူသည့်လမ်းများကို ရေများဖျန်းပေးနေသော်လည်း ကား ၁၀ စင်းဖြတ်လိုက်ချိန် ၎င်းရေများခမ်းခြောက်သွားပြီး ပုံမှန်ပြန်ဖြစ်သည်ဟု ဆိုသည်။

ဖုံထူ၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရေများမသန့်ရှင်းမှုကြောင့် ကလေးငယ်များ ရင်ကြပ်ကာ အဖျားတက်၊ ဝမ်းပျက်လျှောရောဂါများဖြစ်ပွားနေ၍  ဒေသခံများက သစ်လုပ်ငန်းများအပေါ် ပြစ်တင်ပြောဆိုနေကြသည်။

ကချင်ပြည်နယ်အတွင်း သစ်ထုတ်လုပ်မှုများသည် လမ်းကြောင်း ၃ ကြောင်းဖြင့် တရုတ်နယ်စပ်သို့ သယ်ယူခြင်းဖြစ်ရာ မြစ်ကြီးနားခရိုင်-မိုးညှင်းမြို့နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်နှင့် ဧရာဝတီမြစ် အနောက်ဘက် ဗန်းမော်-မန်စီဘက်မှ တရုတ်ပြည် ရင်ကျန်း လမ်းကြောင်းများဖြစ်ပြီး ယခုချိန်တွင် ဧရာဝတီမြစ်နှင့် ဗန်းမော်ခရိုင်မှ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ထုတ်လုပ်များကို တရားမ၀င်လုပ်ငန်းအဖြစ် အာဏာပိုင်များမှ ဖမ်းဆီးမှုများရှိသော်လည်း စင်စစ် လုပ်ငန်းရှင်များနှင့် အပေးအယူကအဓိကဖြစ်သည်ဟု သစ်လုပ်ငန်းလုပ်ဆောင်သူများက ပြောဆိုခဲ့သည်။

သစ်လုပ်ငန်းများသည် အစိုးရနှင့် KIO ကြားတိုက်ပွဲများငြိမ်သက်လာချိန် သိသိသာသာ ထုတ်လုပ်လာခြင်းဖြစ်သည်ဟုလည်း ဒေသခံများပြောဆိုသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.