Pages

Top Menu

Tuesday, March 26, 2013

ဂျေယန့် ဒုက္ခသည်စခန်းတွင် ၀မ်းရောဂါနှင့် နှာစေးချောင်းဆိုးအဖြစ်များနေ

Je Yang ဒုက္ခသည်စခန်း။
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့ ဂျေယန့် (Je Yang) စစ်ပြေးဒုက္ခသည်စခန်းတွင် ၂ နှစ်အောက် ကလေးငယ်များ ၀မ်းရောဂါများဖြစ်ပွားနေကြောင်း သိရသည်။

ကလေးငယ်များတွင် ဝမ်းကိုက်ရောဂါများဖြစ်ပွားနေသူ ၃ ဦးနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်သူ ၂ ဦးသည် ယနေ့ ကျန်းမာရေး ဆေးခန့်သို့ ထပ်မံရောက်ရှိလာကြောင်းဆေးခန်းမှသိရသည်။

၎င်းဒုက္ခသည်စခန်းတွင် ဖုံပေါများ၍ လေကောင်းလေသန့် မရရှိခြင်းကြောင့် နှာစေးချောင်းဆိုးဖြစ်ပွားနေသူများလည်း နေ့စဉ် ဆေးပေးခန်းသို့ ၁၀ ဦးထက်မနည်း ဆေးတောင်းစားနေကြောင်း ဂျေယန့် (Je Yang) ကျန်းမာရေးမှူးတာဝန်ခံ ဆရာလဘန်နော်ဂျာ (Sara Labang Naw Ja) ပြောသည်။

“ဝမ်းကိုက်တယ်ဆိုတော့ ချွဲတွေနဲ့ သွေးတွေပါနေတယ်။ အရမ်းစိုးရိမ်ရတဲ့အဆင့်တော့မဟုတ်ဘူး။ အဓိကတော့ အစားအသောက်နဲ့ ရေ ကနေဖြစ်လာတာ အခုက ယင်ကောင်တွေ အရမ်းများလာတယ်ဆိုတော့ အစားအသောက်တွေကို တချို့တွေက ဖုံးသလို တချို့က မဖုံးနိုင်တဲ့အိမ်တွေရှိတယ်လေ” ဟု ဂျေယန့် (Je Yang) ကျန်းမာရေးမှူးတာဝန်ခံ ဆရာလဘန်နော်ဂျာ (Sara Labang Naw Ja) KNG ကချင်သတင်းဌာနသို့ပြောသည်။

ရောဂါများကူစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် ဒုက္ခသည်စခန်းများမှ တာဝန်ခံများနှင့် ရပ်ကွက်ကျန်းမာရေးကော်မတီများမှ ကြိုတင် ပိုးသတ်ဆေးများကို ၁၅ ရက် ၁ ကြိမ် ဖြန်းနေသော်လည်း ယခုလတွင် ၎င်းပိုးသတ်ဆေးများ ပြတ်သွားခဲ့သည်ဟု ကျန်းမာရေးကော်မတီမှ ပြောသည်။ အဆိုပါ ပိုးသတ်ဆေးများကို ယနေ့ညမှ ရရှိခဲ့သည်ဟု ဆက်ဆိုသည်။

ဂျေယန့် (Je Yang) ရပ်ကွက် ၃ ဒုက္ခသည်စခန်းမှ ၆ နှစ်အောက် ကလေးငယ် ၃ ဦးတွင်လည်း အသဲရောင်အသားဝါရောဂါဖြစ်ပွားနေပြီး ကိုယ်အင်္ဂါများဖောရောင်ကာ မူးမေ့သွားသောကြောင့် ယခုချိန်တရုတ်နယ်စပ် တရုတ်ပြည်မန်ရှီဆေးရုံသို့ ကုသခံယူနေကြောင်း ဒုက္ခသည်စခန်းမှပြောသည်။

၎င်းဒုက္ခသည်စခန်းတွင် အသက်ကြီးသူများနှင့် ၅ နှစ်အောက် ကလေးငယ်များသည်လည်း အာဟာရဓာတ်ချို့တဲ့ခြင်းအပြင် လူဦးရေများသော ၎င်းဒုက္ခသည်စခန်းတွင် အဓိကအခက်အခဲများသည် အိမ်သာလုံလောက်မှုမရှိခြင်း၊ သောက်ရေ သုံးရေများ ခက်ခဲခြင်းနှင့် အိမ်သာရေများခက်ခဲခြင်းကြောင့် ရောဂါများ ဖြစ်ပွားလာမကြာခဏဖျားနာခြင်းများဖြစ်နေကြောင်း ကျန်းမာရေးဌာနမှပြောသည်။

၎င်းဒုက္ခသည်စခန်းမှ တောင်ကျရေများကို ရရှိနိုင်သော်လည်း ရေလောင်ကန်နှင့် ရေပိုက်များမရှိခြင်းကြောင့်လည်း အခက်ခဲရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဒုက္ခသည်စခန်းမှပြောသည်။

“လူကများ အိမ်သာကမလောက်နဲ့ အရမ်းခက်တယ်.. ဒါမဲ့ အိမ်သာကို ဗန်းမော်၊ ဆင်လွမ် (Sinlum) အဖွဲ့ကနေ ကူညီပေးတဲ့အတွက် ကျနော်တို့ အခုအိမ်သာကျင်းတွေတူးနေကြပြီ” ဟုဆိုသည်။

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် တရုတ်ပြည် ယူနန်ခရစ်ယာန် သာသနာပြုများမှ အဓိကဆေးဝါးများကူညီထောက်ပံ့ပေးနေပြီး ဆရာဝန်များလည်း အခမဲ့ကူညီ ကုသပေးနေကြောင်း သိရသည်။

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် လူဦးရေ ၈၃၆၂ ခိုလှုံနေပြီး စစ်ပြေး ဒုက္ခသည် အိမ်ခြေ ၁၆၀၇ ရှိကာ ဒုက္ခသည်အများဆုံးခိုလှုံနေသော စခန်းဖြစ်သည်။

ယခုချိန် တိုက်ပွဲကြောင်း KIO ထိန်းချုပ်နယ်မြေသို့ တိမ်းရှောင်လာသော ဒုက္ခသည်များသည် ၇၂၀၀၀ ကျော်ရှိပြီး အစိုးရထိန်းချုပ်နယ်မြေတွင် ၃၈၀၀၀ ကျော် ရှိကာ နိုင်ငံတကာမှ အကူညီများကို လိုအပ်နေဆဲဖြစ်ကြောင်း KIO ဒုက္ခသည် ကူညီရေးကော်မတီ ဥက္ကဌ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။


www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.