Friday, April 12, 2013

မွေးကင်းစလေး၏ မွေးရာပါ ရန်သူ

ဆေးဝါးကုသခွင့် မျှော်လင့်နေတဲ့ TB ဝေဒနာရှင် အသက် ၈ နှစ်ကလေး SUT RING AWNG TU၊ ဇိုင်းအောင်ဒုက္ခသည်စခန်း။
 ဆောင်းလေညင်း တစ်ချက်တိုက်တိုင်း အသက် (၃၁) နှစ်ရှိ အမျိုးသမီးတစ်ယောက် မွေးကင်းစကလေးငယ်အား တင်းတင်းဖက်တွယ်ထားသည်။

သို့သော် ထိုမိခင်လက်နှစ်စုံဖြင့် ဖက်တွယ်ထားသော မွေးကင်းစ ကလေးငယ်သည် (၄) လ ပြည့်ပြီး ၁၀ ရက် လွန်တွင် မိခင်ရင်ခွင်မှ ထာဝရခွဲခွာသွားခဲ့ရသည်။ မွေးကင်းစကလေးငယ်သည် ဒီဇင်ဘာ အအေးဒဏ်ကို မလွန်ဆန်နိုင်သောကြောင့် အသက်ပျောက်သွားခဲ့ရခြင်း မဟုတ်ပေ။ ဆောင်းလေနှင်းထက်ဆိုးသည့် ရက်စက်ကြမ်းကြုတ်သော ရန်သူ ခုခံအားကျဆင်းရောဂါ HIV/ AIDS သည် ၄င်း၏ မိခင်ရင်ခွင်မှ ဆွဲထုတ်သွားခဲ့ခြင်းဖြစ်သည်။

ထိုရောဂါသည် နှင်းထုနှင့်အတူ မိခင်အသီးသီး၏ ရင်ခွင်မှ မွေးကင်းစ ကလေး (၃)ဦးကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

လူနေရပ်ဝေးသည့် ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းသည် အေးမြသည့် ရာသီဥတုနှင့်အလိုက် အေးချမ်းသော နယ်မြေ တစ်ခုပင်။ ဗန်းမော်မြို့နယ် ဆန်ပိုင်ကျေးရွာမှ ကုန်းကြောင်းလျှောက်လျှင် နှစ်ရက်နှင့် နှစ်ည သွားရသည့် ကျေးရွာတစ်ခုဖြစ်သည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် ဖြစ်သည့် လိုင်ဇာမြို့မှ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းထိ ဆိုင်ကယ်ဖြင့် တစ်ရက်ခရီး မောင်းနှင်ရသည်။

ဝေးလံ ခေါင်ဖျားသည့် အဆိုပါဒုက္ခသည်စခန်းတွင် ကိုယ်ဝန်ဆောင်မိခင်အများအပြား ကာလသားရောဂါ၊ ခုခံအားကျဆင်းရောဂါ ခံစားနေကြခြင်းဖြစ်သည်။ သားဦးကို ဆုံးရှုံးလိုက်ရသည့် ဆိုးဝါးလှသောကြေကွဲ ၀မ်းနည်းမှုစိတ်ခံစားချက်မျိုးကို နောက်ထပ် မရင်ဆိုင်ရဲတော့ကြောင်း ပြောလာသည်။

“ဆေးမစားခင်မှာ ကလေးရမှာ စိုးလို့ တားဆေး လာထိုးတာ” ဟု ဦးလနော့လထိန် (Salang Lanaw La Hting) က သူ့အမျိုးသမီးအားလှမ်းကြည့်ရင်း ပြောပြနေသည်။

လက်ထပ်ထားသည်မှာ ၁ နှစ်ပင် မပြည့်သေးချိန် သားဦးလေးကိုရခဲ့သော်လည်း ရန်သူ HIV/ AIDS ရောဂါ လက္ခဏာကြောင့် အခိုက်အတန့်သာမိဘနှင့်အတူ အသက်ရှင်သွားခဲ့သည်။ အဆိုပါအဖြစ်အပျက်မျိုးသည် ထိုမိသားစုပင် မကသေး .. ၄င်းတို့နည်းတူ မိခင်နှစ်ဦးတွင်လည်း HIV/ AIDS ရောဂါကြောင့် လသားအရွယ် သားဦးသေဆုံးသွားခဲ့သောကြောင့် ထပ်တူဝမ်းနည်း ကြေကွဲနေရကြောင်းသိရသည်။

ထို့ပြင် နောက်ထပ် လသား ကလေးငယ် (၂) ဦးသည်လည်း HIV/ AIDS ရောဂါခံစားနေရပြီး ယခုချိန် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေသည်ကိုမြင်တွေ့နေရသည်။ ထိုအထဲမှ (၂) လသားအရွယ် ကလေးငယ်သည် မိဘ နှစ်ဦးမူ ဝမ်းစာအတွက် စခန်းမှတောသို့ ခရီးထွက်သွားကြသောကြောင့် ငယ်ရွယ်သေးသော်လည်း တကိုယ်တည်းရန်သူကို ခုခံနေဆဲဖြစ်သည်။

မိခင်နှင့် ကလေး၏ မေတ္တာများကို ဖျက်ဆီးဖြိုခွဲပေးနေသည့် ရောဂါကြောင့်မခံမရပ်နိုင် ကြေကွဲဝမ်းနည်းမှု များ ရင်ဆိုင်နေရကြသော်လည်း ၄င်းကိုရင်ဆိုင်ရန်ပင် ဦးတည်လာသော မိခင်များလည်း ရှိနေဆဲဖြစ်သည်။ မကြာမီ ကလေးမွေးဖွားရန် အဆင်သင့်စောင့်နေသော HIV ခံစားနေသည့် ကိုယ်ဝန်ဆောင်မိခင်နှစ်ဦးရှိနေသည်။

“တစ်ယောက်ကကိုယ်ဝန် (၈)လ၊ တစ်ယောက်က (၅) လ။ (၈)လ ကိုယ်ဝန်ရှိနေတာတောင်မှ ကျွန်တော်တို့ မနည်းပြောမှ ဆေးရုံကိုလာအပ်တာ။ သူတို့လည်း အခြေအနေဆိုးတယ်” ဟု ဇိုင်းအောင်ဆေးရုံမှ ကျန်းမာရေးမှူး (Hkamja Du) ဆရာမ ထုလွမ်က ပြောသည်။

ဇိုင်းအောင်ဒုက္ခသည်စခန်းမှ HIV ခံစားနေသည့် ကိုယ်ဝန်ဆောင်မိခင်အချို့မှာမူ တရုတ်ပြည်ယူနန်ရှိ ဆေးရုံသို့ အခက်ခဲကြားမှ ရုန်းကန်၍ သွားရောက်မွေးဖွားနေကြသူများလည်း ရှိသည်။

“တိန့်ယိန်းတို့ လင်မယားလည်း ဆေးစားနေတာ ခု ဆေးပျက်သွားပြီ။  သူတို့ရိုးရိုး မွေးလို့မရလို့ တရုတ်ပြည်မှာ သွားမွေးတယ်။ တရုတ်ငွေ ၄၊ ၅ ထောင်လောက်ကုန်မယ်ထင်တယ်။ ပိုက်ဆံချေးပြီး သွားမွေးကြတယ်” ဟု ဆရာမထုလွမ်က ဆက်ပြောသည်။

ဝေဒနာရှင်များ ဆေးဝါးမပြတ်စားသုံးရန်လိုအပ်သော်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဇိုင်းအောင်စခန်းနှင့် ကေအိုင်အို ထိန်းချုပ်နယ်မြေရှိအချို့ ဒုက္ခသည်စခန်းများတွင် HIV တိုက်ဖျက်ဆေးဝါးများ ပြတ်လပ်နေပြန်သည်။ ထိုသို့ HIV ပိုးနှင့်နေထိုင်သော ဒုက္ခသည်များသည် ဆေးဝါး ရရှိရန် မျှော်လင့်နေကြသည်။

“ကျွန်တော်တို့ လင်မယားလည်း ဆေးသောက်ရင်တော့ ပျောက်မှာပါ။ ဆေးရမှ ကလေးထပ်ယူတော့မယ်” ဟု သားဦးဆုံးရှုံးခဲ့ရသော ဦးလနော့လထိန် က ပြောသည်။

ဇိုင်းအောင် (Zai Awng)နှင့် မဂါးယန် (Maga Yang) ဒုက္ခသည်စခန်းမှ ဆရာဝန်များသည်လည်း ယင်းတို့၏လူနာအတွက် ဆေးအမြန်ရရှိလိုကြောင်း ပြောသည်။

“HIV ရှိတဲ့ လင်မယားဆို ကလေးလိုချင်လို့ ဆေးမရောက်သေးဘူးလားလို့ ခဏခဏလာမေးတယ်။ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ဆေးမှ မရှိတာ။ ဆေးအမြန်ရစေချင်ပြီ။ ဒီနှစ်အတွင်း ဆေးမရောက်လာရင်တော့ အခြေအနေ ဒီထက်ပိုဆိုးလာနိုင်တယ်” ဟု ဇိုင်းအောင် ဆေးရုံးမှ ဆရာမထုလွမ်က ပြောပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစကာ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့  AZG မှ HIV/AIDS ရောဂါရှိသူများနှင့် တီဘီ ရောဂါရှိသူများ၏ စာရင်းကောက်ခံထားရန် စခန်းတာဝန်ခံများအား ပြောဆိုမှုများရှိခဲ့သည်။

သို့သော် စာရင်းများ ကောက်ခံပြီး ၁ လ ကျော်ကြာသော်လည်း AZG မှ ဆေးဝါးထောက်ပံ့ ရန် ပြန်လည်အကြောင်း ပြန်ခြင်းမရှိသေးကြောင်းသိရသည်။

မဂါးယန် ဒုက္ခသည်စခန်းတွင်လည်း HIV ပိုးလာစစ်သူ ၁၀ ဦးရှိလျှင် ၇ ဦးက မူရောဂါ လက္ခဏာပြနေကြောင်း ဆရာဝန် မကော့မိုင် (Doctor Kaw Mai) က ပြောသည်။

လက်ရှိမဂါးယန်စခန်းတွင် HIV နှင့် အဆုတ် TB ရောဂါ ရှိသူ စုစုပေါင်း ၂၁ ဦးရှိကြောင်း သိရသည်။ HIV ရှိသည့် လူနာ အားလုံးနီးပါးခန့် တီဘီရောဂါကို တူးတွဲတွေ့မြင်နေရခြင်းဖြစ်သည်။ UNAIDS မှလည်း HIVနှင့် တီဘီ ပူးတွဲစစ်ဆေးမှု စနစ်ပြုလုပ်သင့်ကြောင်း မတ်လကုန်ပိုင်းတွင် နှိုးဆော်လိုက်သည်။ ကမ္ဘာတလွှား HIV ကူးစက်ခံထားရသူများတွင် နေ့စဉ် လူ ၁၀၀၀ ကျော် တီဘီရောဂါကြောင့် သေဆုံးနေကြကြောင်း သိရသည်။

ပြည်တွင်းတွင် HIV ပိုးကူးစက်ခံထားရသူ နှစ်သိန်းသုံးသောင်းကျော်ရှိနေပြီး လူနာ ၇ သောင်းကျော်အတွက် ဆေးဝါးလိုအပ်လျက်ရှိကြောင်း သိရသည်။ မဂါးယန် စခန်းမှ အခြေအနေဆိုးရွားနေသည့် HIV ရောဂါ ခံစားနေရသူ အသက် (၃၁)နှစ် နှင့် (၄၁) နှစ်ရှိ အမျိုးသမီး နှစ်ဦးကိုမူ လိုင်ဇာ ဆေးရုံသို့ဆေးကုသမှု ခံယူရန် ပို့ထားကြောင်း ဆရာဝန်က ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်း နှစ်ခုတွင် ဆေးဝါး ထောက်ပံ့မှုမရရှိသည်မှာ (၆)လကြာမြင့်ပြီဖြစ်သဖြင့် ဓါတ်ဆားထုတ်များ ပျက်တောက်နေပြီဖြစ်ကာ အကိုက်အခဲပျောက်ဆေး ပါရာဆေးမူ တစ်ဘူးသာကျန်တော့ကြောင်း သိရသည်။ ထို့အပြင် HIV စစ်ဆေးသည့် ကိရိယာလည်း ကုန်နေပြီဖြစ်သည်။

“ဟိုတစ်လောက ဆို လက်အိတ်တောင်မရှိတော့ဘူး။ ခွဲစိတ်ကုသတဲ့အခါ လက်အိတ်က အရေးကြီးတယ်တယ်။ လက်အိတ်ကုန်သွားလို့ ကျွန်မတို့ ပျာယာခတ်သွားတယ်။ ခုတော့လာပို့ထားပြီ” ဟု ဆရာဝန် ကော့မိုင် (Doctor Kaw Mai) က ပြောသည်။

ဆက်ပြီး ဆရာဝန် ကော့မိုင် (Doctor Kaw Mai) က “ဒီမှာ HIV ၁၀ ယောက်လာစစ်ရင် ၇ ယောက်တော့ရှိပြီးသား။ အကုန်လုံးကို စစ်လိုက်မယ်ဆိုရင် အားလုံးရှိနိုင်တယ် ဒါကြောင့် မြန်မြန် ဆေးစစ်၊ အခြေအနေမဆိုးခင် ဆေးသောက်မှ ဖြစ်မယ်” ဟုဆိုသည်။

ဇိုင်းအောင် ဒုက္ခသည်စခန်းနှင့် မဂါးယန်ဒုက္ခသည်စခန်းတွင်ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်သို့မှ စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် စုစုပေါင်း ၃ ထောင် နီးပါးစီ ရှိသည်။

စစ်၏ ဘေးဒဏ်ခံစားနေရသော အခက်အခဲဒုက္ခနှင့် ရောဂါနှိပ်စက်ခြင်းကြောင့် ခံစားနေရသော ဆင်းရဲဒုက္ခများသည် ဒုက္ခသည်စခန်းထဲတွင် ဒွန်တွဲနေထိုင်နေရသည်။ မိခင်ရင်ခွင်သို့ ရောက်လာကာ တခဏတာအသက်ရှင်၍ ခွဲခွာသွားကြသော မွေးကင်းစကလေးများ ရှိသကဲ့သို့ မိခင်နှင့်အတူ ရောဂါဝေဒနာကို ခုခံကာအသက်ရှင်လုံးပန်းနေသော ကလေးငယ်များလည်းရှိသည်။

HIV ခံစားနေရသည့် အသက် (၃၁) နှစ်ရှိ ဦးနော်ဆမ် (Salang Naw Sam) သည်လည်း သူ၏သားဦးဖြစ်သည့် (၇) လသား ကလေးငယ်မှာ ခုထက်ထိ ကျန်းကျန်းမာမာ ရှိနေသေးသောကြောင့် ဆက်လက်အသက်ဆက်နိုင်ရန်အတွက် မျှော်လင့်ချက်များ ခိုင်မာနေဆဲဖြစ်သည်။

“ဆေးသောက်ရင်တော့ ပျောက်မှာပဲ လို့ ယုံကြည်တယ်။ စိတ်ဓါတ်တော့ မကျပါဘူး။ ခုဆေးစောင့်နေတယ်”

ရောဂါကိုခုခံတိုက်ခိုက်၍ အသက်ရှင်နေသော မွေးကင်းစကလေးများရှိနေသော်လည်းရန်သူကို ခုခံတိုက်ခိုက်ရန် အားအင်ကုန်ခမ်းသွားခဲ့သော မွေးကင်းစလေးများအတွက်မူ မိခင်ရင်ခွင်ကို ခြေစုန်ပစ် ထာဝရခွဲခွာခဲ့ကြရသည် မဟုတ်ပါလား….။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment

Note: Only a member of this blog may post a comment.