Thursday, April 4, 2013

KIA တပ်ရင်း (၉) နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ တပ်ဖွဲ့များ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ နယ်မြေတွင် ယနေ့က မြန်မာအစိုးရတပ်ဖွဲ့ထိုးစစ်ဆင်လာသောကြောင့် KIA နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် တပ်ရင်း ၉ တပ်ဖွဲ့များ စခန်းချနေရာယူထားသော ဒတ်လက်ဘွမ် (Daklek Bum) တွင် ဖြစ်ပြီး ရှောင်ဟော် (Shaung Haw) နှင့် ဒီမာ (Dima) ဘက်မှ ထိုးစစ်ဆင်လာသောအစိုးရတပ်ကို KIA တပ်ဖွဲ့များပစ်ခတ်လိုက်ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ ၄ အထက်ပိုင်း KIA အရှာရှိတစ်ဦးကပြောသည်။

တိုက်ပွဲသည် နံနက် ၁၀ နာရီ ၂၀ မိနစ်မှ ညပိုင်းထိ ပစ်ခတ်နေကြောင်း သိရသည်။

အထက်အမိန့်အရ KIA အားစတင်မပစ်ခတ်ရန် ညွှန်ကြားထားသော်လည်း အစိုးရတပ်များထိုးစစ်ဆင်မှုအပေါ် ပစ်ခတ်လိုက်ရခြင်းဖြစ်သည်ဟု ပြောသည်။

“အထက် လူကြီးတွေက ကားလမ်းပေါ်တွေမှာ သွားမပစ်နဲ့၊ အစိုးရစခန်းတွေမှာ သွားမပစ်နဲ့၊ ရွာတွေမှာ အစိုးရအဖွဲ့တွေရှိရင်လည်း သွားမပစ်နဲ့လို့ပြောတယ်။ အခုတော့ ကျနော်တို့စခန်းမှာ သူတို့လာခဲ့တော့ ပစ်လိုက်တာဟုတ်တယ်။ ဒီမနက်ကနေ ခုထိပဲ ခဏငြိမ်သွားလိုက် ပြန်ပစ်လိုက်နဲ့ ဒီမနက်တော့ စစ်ကြောင်း ၂ ခုပဲ အခုဆို ၃ ခုတောင်ဖြစ်လာတယ်။ အစက တောင်အောက်မှာပဲ ပစ်နေကြတာ အခုတော့ အပေါ်ရောက်လာပြီ” ဟု အထက်ပါအရာရှိက KNG ကချင်သတင်းဌာနသို့ ပြောသည်။

အစိုးရတပ်ဖွဲ့များသည် ရှောင်ဟော်(Shaung Haw)ဘက်မှတက်လာသော အင်အား ၇၀ ခန့်ရှိ စစ်ကြောင်း ၂ခုနှင့် ဒီမာ (Dima) ဘက်မှ တက်လာသော အင်အား ၆၀ ခန့်စီရှိ စစ်ကြောင်း ၃ ခုဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြာင်း သိရသည်။

အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်၍ မသိရသော်လည်း တိုက်ပွဲများသည် ရှမ်းပြည်မြောက်ပိုင်းဖက်တွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားနေကြောင်း တပ်မဟာ (၄)အရာရှိများကပြောသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group



0 comments:

Post a Comment

Note: Only a member of this blog may post a comment.