Wednesday, January 16, 2013

ကချင်စစ်တပ်မှ ဖမ်းဆီးထားသော အစိုးရတပ်သား ၂၃ ဦးကို လွှတ်ပေး

ဖမ်းဆီးထားတဲ့ မြန်မာ့တပ်မတော်မှ ကလေးစစ်သားများကို KIA မှ လွှတ်ပေး။
ဖမ်းဆီးထားတဲ့ မြန်မာအစိုးရ စစ်သားများကို KIA မှ ပြန်လွှတ်ပေးတဲ့ အခန်းအနား လိုင်ဇာမှာပြုလုပ်။
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) စစ်ပွဲများအတွင်း KIA မှ ဖမ်းဆီးထိန်းသိမ်း ထားသော အစိုးရ တပ်မတော် တပ်သား ၂၃ ဦးကို  KIA ဖက်မှလွှတ်ပေးလိုက်ကြောင်းသိရသည်။

ထိုအစိုးရတပ်မတော်သားများ ၂၃ ဦးကို ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ၄င်းနေရပ်အသီးသီးသို့ပြန်နိုင်ရန် လိုင်ဇာဌာနချုပ်တွင် အခမ်းအနားပွဲတခုကျင်းပပြီးနောက် တရားဝင်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အခမ်းအနားတက်ရောက်သူများပြောသည်။

၎င်းတပ်မတော်သားများ နေရပ်သို့ပြန်နိုင်အောင် KIA မှ တရုတ်နိုင်ငံထိ လမ်းစရိတ်များ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း KIA အရာရှိတစ်ဦးကပြောသည်။

“သူတို့ကို လမ်းစရိတ်အတွက် အိမ်ဝေးတဲ့လူတွေကိုဝေးသလို အိမ်နီးတဲ့လူတွေကို နီးသလို ပေးလိုက်တယ်။ KIA ကနေပြီးတော့ ရွှေလီကျော်ကျော်လောက်ထိ တာဝန်ယူပေးတယ်။ အဲဒီနောက်တော့ သူတို့သိသလိုပေါ့” ဟု ပြောသည်။

KIA မှ အစိုးရနှင့်တိုက်ပွဲဖြစ်ပွားချိန် ဖမ်းမိထားသော တပ်မတော်သားများကို အစိုးရထံလွှဲပြောင်းပေးရေးကိစ္စ ၈၈ ကျောင်းသားခေါင်းဆောင်များ ဌာနချုပ်သို့လာရောက်ချိန် အစိုးရနှင့်ကြားနေ ညှိနှိုင်းဆောင်ရွက်ပေးရန် အပ်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် အစိုးရဖက်မှ ၄င်းတို့တပ်မတော်သားများမဟုတ်ကြောင်းနှင့် တပ်ပြေးများ သာဖြစ်ကြောင်း ငြင်းဆိုခဲ့သောကြောင့် KIAမှ ၄င်းတို့စီစဉ်သည့်အတိုင်း နေရပ်ပြန်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း အခမ်းအနားတွင် ဗိုလ်ကြီးဇော်တောင်မှပြောဆိုခဲ့သည်။

ပြီးခဲ့သည့်၂၀၁၂ ဇွန်လတွင် အစိုးရနှင့် KIO အဖွဲ့တို့ မိုင်ဂျာယန်တွင် အလွတ်သဘောတွေ့ဆုံခဲ့ချိန် ထိုစစ်သားများကိစ္စနှင့်ပတ်သက်ပြီး အစိုးရမှ တရားဝင် လွဲယူရန် ပြောဆိုခဲ့သော်လည်း တစုံတရာပြန်ကြားခြင်းမရှိကြောင်း KIO ဒု အထွေထွေအတွင်းရေးမှူး ဦးလာနန်ကပြောသည်။

တပ်မတော်သားများနေရပ်ပြန်နိုင်ရန် စီစဉ်ခဲ့သော်လည်း ၄င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောသည်။

“ဒါမဲ့တခုကဘာပဲဆိုတော့ ဒီမှာရောက်နေတဲ့ တပ်မတော်သားတွေရဲ့ လုံခြုံရေးကို အစိုးရဖက်က အာမခံချက်ပေးရမယ်လို့ထင်တယ်။ အဲဒီဟာတွေကြောင့်ပဲ ကြားခံအဖွဲ့အစည်းတခုဆိုပြီးမှပဲ လုပ်ဆောင်စေချင်တာပါ။ သူတို့ ကိုယ့်ရဲ့ရပ်ရွာပြန်သွားတဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးအရေးယူတာမျိုးတော့မဖြစ်စေချင်ဘူးခင်ဗျ။” ဟု ဦးလာနန်ကပြောသည်။

ကြားနေဆောင်ရွက်ပေးနေသော ၈၈ ကျောင်းသားများမှ အစိုးရဖက်သည် တရားဝင်လွှဲယူရန် ငြင်းဆိုခဲ့ကြောင်း ကိုမြအေးမှတဆင့် KIO ကိုအကြောင်းပြန်ခဲ့သည့်ကိစ္စကိုလည်း လွှတ်ပေးမည့်တပ်မတော်သားများအား အခမ်းအနားတွင် ဗိုလ်ကြီးဇော်တောင်မှ ပြောကြားခဲ့ပြီး ၄င်းတို့ကိုအသီးအသီး နေရပ်ပြန်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်ဟု အခမ်းအနားတက်ရောက်သူများမှသိရသည်။

တနှစ်ကျော်ကြာ တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့မှ ထိန်းသိမ်းထားသော အဆိုပါတပ်မတော်သားများသည် ထိခိုက်ဒဏ်ရာရသူများနှင့် ဖမ်းဆီးရမိသော အစိုးရတပ်သားများဖြစ်ပြီး ၄င်းတို့သည်တစ်နှစ်ကျော်နှင့် ၃ လ ခန့် ကြာထိန်းသိမ်းခံထားရသူများဖြစ်ကာ အချို့သည် လိုင်ဇာဌာနချုပ်တွင် ၀င်ငွေရသော အလုပ်များလုပ်ကိုင်နေကြသည်ဟု သိရသည်။

www.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.