Friday, January 25, 2013

ကချင်ပြည်နယ်တွင် အစိုးရ၏ အရပ်သားများထိခိုက်စေသော ထိုးစစ်ဆင်ခြင်းအပေါ် အမေရိကန်ပြည်ထောင်စု ပြင်းထန်စွာကန့်ကွက်

ဇန်န၀ါရီ ၂၅၊ ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့မှာ ဆန္ဒပြနေတဲ့ ထိုင်းနိုင်ငံကချင်လူမျိုးများ။
မြန်မာအစိုးရတပ်မတော်မှ ထိုးစစ်ဆင်နေသော ကချင်ပြည်နယ်တွင် အရပ်သားများထိခိုက်သေကျေစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားယုတ်စေသော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လိုက်သည်။


ဇန်န၀ါရီ ၂၅၊ ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အမေရိကန်ကောင်စစ်ဝန်ရုံး ရှေ့မှာ ဆန္ဒပြနေတဲ့ ထိုင်းနိုင်ငံကချင်လူမျိုးများ။
“မြန်မာအစိုးရ၏ ဇန်န၀ါရီလ ၁၉ ရက်မှစ၍ အပစ်အခတ်ရပ်စဲထားပြီ ဆိုစေကာမူ မြန်မာ့တပ်မတော်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေကြောင်း မီဒီယာနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ သတင်းများကဖော်ပြနေပါသည်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန ရန်ကုန်သံရုံးမှ ၂၀၁၃/၁ ဇန်နဝါရီ ၂၄ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်းခေါင်းစဉ်ဖြင့် ရန်ကုန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်တွင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအတွက် အမေရိကန်ပြည်ထောင်စုက အလွန်ပင်စိုးရိမ်ပူပန်နေပါသည်ဟု ဆိုသည်။

တိုက်ပွဲများဖြစ်ပွားရာဒေသရှိ အရပ်သားများ၏ ဘေးကင်းလုံခြုံရေးကိုလည်း အမေရိကန်ပြည်ထောင်စုက များစွာစိုးရိမ်ပူပန်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသော အကူအညီပေးရေး အေဂျင်စီများ၏ အကူအညီလိုအပ်နေသောနေရာများသို့ မြန်မာအစိုးရက အတားအဆီးမရှိ ၀င်ခွင့်ပြုပါရန်လည်း ဆက်လက်တိုက်တွန်းထားသည်။

“ကချင်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန်အလို့ငှာ တွေ့ဆုံဆွေးနွေးရေး အခြေအနေတစ်ရပ်ဖန်တီးရန်အတွက် လိုအပ်သမျှကို ဆောင်ရွက်ကြပါရန်” အမေရိကန်ပြည်ထောင်စုက အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့နှစ်ဖက်ကို တိုက်တွန်းလိုက်သည်။

ယနေ့ မြန်မာအစိုးရတပ် ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများ၏သဘောထားထုတ်ပြန်ချက်တွင်မူ “သမ္မတဦးသိန်းစိန်အစိုးရ၏ ဒီမိုကရေစီပြုပြင်ရေးလုပ်ငန်းသည် တိုင်းရင်းသားများနှင့် ကချင်တိုင်းရင်းသားများအား အမြစ်ဖြုတ်ရေးသာဖြစ်ပြီး တိုင်းရင်သားများနှင့်တန်းတူနေထိုင်ရေးမူမဟုတ်ကြောင်း ထင်ရှားသည်” ဟု ပြောဆိုလိုက်သည်။

“မြန်မာအစိုးရတပ်သည် KIA အား ထိုးစစ်ဆင်သည့်တချိန်တည်းတွင် ရွာများမီးရှို့ဖျက်ဆီးခြင်း၊ ကချင်ရွာသားများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကချင်အမျိုးသမီးများအား ဖမ်းဆီး မုဒိန်းကျင့်ခြင်း၊ ကချင်ကလေးငယ်ပါမကျန်တရားမဲ့သတ်ဖြတ်ခြင်း စသည့်ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်ခဲ့သည်။ တိုက်ပွဲကာလတစ်လျှောက်လုံးတွင် အစိုးရတပ်သည် KIA ခံတပ်ကုန်းများ၊ လိုင်ဇာမြို့နှင့် ကချင်ဒုက္ခသည်စခန်းများသို့ လေယာဉ်များဖြင့်ဗုံးကျဲခြင်း၊ တာဝေးပစ်အမြှောက်များနှင့် တရစပ်ပစ်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးနေရသည်” ဟုဆိုသည်။

အဆိုပါ ထိုင်းနိုင်ငံရောက် ကချင်များထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်နှင့်မိုင်ပေါင်းရှည်လျားစွာ နယ်နိမိတ်ထိစပ်နေသည့် တရုတ်နိုင်ငံအားလည်း စစ်မှန်သော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု နည်းလမ်းနှင့် အဖြေရှာရန်အတွက်တိုက်တွန်းပေးရန်၊ ဒုက္ခသည်များအား တရုတ်နိုင်ငံအတွင်းသို့ ခိုလှုံခွင့်ပေးရန်၊ ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရင် မဟာမင်းကြီးရုံး UNHCR နှင့် ဒုက္ခသည် အကူညီပေးရေးအဖွဲ့များအား စခန်းသို့လွတ်လပ်စွာသွားလာခွင့်ပြုရန် နိုင်ငံတကာကယ်ဆယ်ရေး ပစ္စည်းများတင်သွင့်ခွင့်ပြုရန် အချက်(၃) ချက်ဖြင့်တောင်းဆိုထားသည်။

အစိုးရဖက်မှ တဖက်သတ်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် အထူးသဖြင့် အမျိုးသမီးနှင့်ကလေးငယ်များသည် မိမိဇာတိနေရပ်များကိုစွန့်ခွာပြီး ဘေးကင်းရာသို့ ထွက်ပြေးခိုလှုံနေရကာ ယခုချိန် ဒုက္ခသည်ပေါင်း ၁ သိန်းကျော်ရှိနေပြီဖြစ်ကြောင်းပါရှိသည်။

ယမန်နေ့ထိ ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာ၏ အနီးဆုံးတပ်စခန်းဖြစ်သော ခယာဘွမ် (Hka Ya Bum) တွင် အစိုးရတပ်ဖက်က လက်နက်ကြီးများဖြင့်ပြင်းထန်စွာ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေကြောင်း KIA တပ်မဟာ (၅)ရှေ့တန်းမှအရာရှိများပြောသည်။

KIA တပ်ချထားသော စခန်းနေရာအနှံ့တွင်လည်း အစိုးရတပ်များအင်အားတိုးချထားပြီး ထိုးစစ်ဆင်ရန်လှုပ်ရှားမှုများတွေ့ရသောကြောင့် ဆက်လက်၍ တိုက်ပွဲကြီးများဖြစ်ပွားနိုင်ကြောင်း အရပ်သားဘက်မှလည်း သုံးသပ်နေကြသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

 

0 comments:

Post a Comment

Note: Only a member of this blog may post a comment.