Monday, January 28, 2013

စစ်ရေးအရ KIA ၏ အရေးကြီးသောစခန်းအားလုံး အစိုးရစစ်တပ်ဖွဲ့မှ သိမ်းပိုက်လိုက်


အစိုးရစစ်တပ်သည် စစ်ရေးအားဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ အရေးကြီးသော လုံခြုံရေးတပ်စခန်း တောင်ကုန်းများကို သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း KIO ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ (Laiza) အနီး မြစ်ကြီးနား-ဗန်းမော်သွားလမ်းပေါ်ရှိ  လဂျားယန် (Lajayang) နယ်မြေတ၀ိုက်မှ KIA ၏ အမာခံ ခံစစ်စခန်းများဖြစ်သော ဘွမ်ရေဘွမ် (Bum Re Bum)၊ ဖွန်ပျဲန်ဘွမ်(Hpun Pyen Bum)၊ အင်သပ်ဘွမ် (N-tap Bum) နှင့် ခယာဘွမ် (Hka Ya Bum) တပ်စခန်း အားလုံးကို အစိုးရစစ်တပ်မှလက်နက်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်မှ လဂျားယန် (Lajayang) ဒေသကို စစ်ဆင်ရေး ရပ်စဲလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့သော်လည်း ရပ်ဆိုင်းမှုမရှိပဲ KIO စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၏ မဟာဗျူဟာကျသည့် အမြင့်ဆုံးတောင်ကုန်းတစ်ခုဖြစ်သော ခယာဘွမ်တောင်ကုန်း (Hka Ya Bum) ကို အစိုးရတပ်ဖွဲ့မှ ဆက်လက်၍ အင်အားဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဇန်န၀ါရီလ ၂၆ ရက်နေ့ တွင် ဆုတ်ပေးလိုက်ရကြောင်း ဒုက္ခသည် ကူညီရေးကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ ပြောသည်။

“ကျနော်တို့ အခုစစ်ရေးအခြေအနေကိုကြည့်နေတယ်။ သမ္မတပြောတဲ့စကားကို စစ်တပ်က လိုက်နာမလား မလိုက်နာဘူးလားဆိုတာကို အခုကျနော်တို့စောင့်ကြည့်နေတယ်။”

ယခုချိန်တွင် KIO သည် လိုင်ဇာဌာနချုပ်ကို အစိုးရစစ်တပ်မှ ဆက်လက်သိမ်းပိုက်ရန် ထိုးစစ်ဆင်မည့်အခြေအနေရှိ မရှိကို အကဲခတ်စောင့်ကြည့်နေချိန်ဖြစ်ကြောင်း  ဆလန်ကဘာ ဒွဲပီဆာ ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ အရေးကြီးသော တောင်ကုန်းများကို အစိုးရတပ်ဖွဲ့များ ရရှိသွားသောကြောင့် လိုင်ဇာမြို့ (Laiza Muklum)၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အခြေအနေ ရှိနေသည်ဟု KIO ၏ မဟာမိတ်ကျောင်းသား တပ်မတော် (ABSDF) မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက KNG ကချင်သတင်းဌာန သို့ ပြောသည်။

“အခုလောလောဆယ် သူတို့ဖက်က အဲဒီပတ်ပတ်လည်တောင်ကုန်းတွေမှာ သူတို့လက်နက်ကြီးတွေ ပြင်ထားနိုင်တဲ့ အနေအထားမျိုးဆိုရင်တော့ သူတို့ အချိန်မရွေးပစ်လို့ရတာပေါ့နော်။ သူတို့ပစ်ချင်လည်း ပစ်မယ်။ မပစ်ချင်လည်းမပစ်ဘူး။ အဲဒါက သူတို့စိတ်နေသဘောမှာပဲ မူတည်တာ။ လိုင်ဇာမှာ ရှိနေတဲ့လူတွေကတော့ ရှင်းရှင်းပြောရရင်တော့ ထိတ်လန့်ကြောက့်ရွံ့နေတာပေါ့ဗျာ။”

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အား အပြုတ်တိုက် ချေမှုန်းနိုင်မှသာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်ကြောင်း  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော်အမတ် ဦးလှဆွေက ဇန်န၀ါရီလ ၂၅ ရက်နေ့ ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ ပြောဆို ဆွေးနွေးသွားကြောင်း သိရသည်။

အဆိုပါဆွေးနွေးမှုနှင့်ပတ်သက်၍ ထိုသို့ပြုလုပ်ခြင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည် မဟုတ်ကြောင်း ဗိုလ်မှူးမင်းဌေးက သုံးသပ်ပြောဆိုသည်။

“တိုက်ပွဲဆိုတာ ရှုံးတဲ့အခါရှိမယ်။ ဆုတ်ပေးရတဲ့အခါတွေရှိမယ်။ ဒီစစ်ပွဲတွေက စစ်ရေးသပ်သပ်တစ်ခုထဲပဲ သွားတိုက်နေတာမဟုတ်ဘူးလေ။  နိုင်ငံရေး ဖြစ်စဉ်တစ်ခုထဲကနေပြီးမှ ဒီတိုက်ပွဲပုံစံတွေပေါ်လာတာကိုး။ အဲတော့ ဒီတိုင်းရင်းသားအားလုံးကို တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့်တွေ မရရှိသရွေ့ကတော့ သူတို့တိုက်ပွဲတွေက ၀င်နေမှာပဲ။ ဒီမှာရှိနေတဲ့ လူတွေသေသွားရင်တောင် သူတို့ရဲ့သားသမီး မြေးမြစ်တွေက ဆက်ပြီးတော့ တိုက်ပွဲဝင်နေမှာလေ။ ဆိုတော့ ဒီဟာကို ငြိမ်းချမ်းစွာ ပေးဆပ်ဆွေးနွေးအဖြေ မရှာပဲနဲ့ စစ်ရေး အရအဖြေရှာမယ်ဆိုရင်တော့ ဒါက မှန်ကန်တဲ့ အဖြေရှာမှုလည်းမဟုတ်ဘူး။ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ကျနော့်အနေနဲ့မြင်တယ်။” ဟုပြောသည်။

အစိုးရသမ္မတဦးသိန်းစိန်မှ ဌာနချုပ်လိုင်ဇာကို အပြီးတိုင်ခြေမှုန်းသိမ်းယူခြင်းမပြုလုပ်ဖို့ အမိန့်ပေးထားသကဲ့သို့ ရေရှည်တည်တန့်မှုငြိမ်းချမ်းရေးလမ်းကြောင်းကသွေဖည်မသွားပဲ စားပွဲပေါ်တွင် ဆွေးနွေးသည့် နည်းလမ်းကို အခြေခံပြီး ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောဆိုသော်လည်း အောက်ခြေလွှတ်တော်တွင်း ထိုသို့ဆွေးနွေးမှုများဖြစ်ပေါ်ခြင်းဖြစ်သည်။

တိုက်ပွဲများသည် ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်မှ ခယာဘွမ်သိမ်းပိုက်လိုက်ပြီးနောက် ယခုချိန်လိုင်ဇာတ၀ိုက် သေနတ်သံများ အနည်းငယ်တိတ်ဆိတ်သွားကြောင်း လိုင်ဇာဒေသခံများပြောသည်။
သို့သော် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား တင်းမာမှုများသည် အရှိန်လျော့သွားခြင်းမရှိပဲ KIA တပ်ရှိသည့်နေရာအနှံ့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

ဒီဇင်ဘာလနှောင်းပိုင်းမှ အစိုးရစစ်တပ်၏ အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် နှစ်ဖက်အထိနာ ကျဆုံးမှုများကြောင်း သိရသော်လည်း အရေအတွက်အား အတည်မပြုနိုင်ပေ။

ယနေ့ နံနက်ပိုင်းတွင်လည်း  လ၀ါးယန် (Lawa Yang) ဖက်သို့ လဂျားယန် (Lajayang) ဖက်မှ အစိုးရတပ်ဖွဲ့များ ထိုးစစ်လာပြီး ခဏကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com


0 comments:

Post a Comment

Note: Only a member of this blog may post a comment.