Thursday, January 31, 2013

KIA အထက်ပိုင်းခေါင်းဆောင်အချို့ ဌာနချုပ်မှ ခရီးပြုနေ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်နယ်မြေရှိ အရေးကြီးသော လုံခြုံရေးတပ်စခန်းများကို အစိုးရတပ်မှ သိမ်းပိုက်ခဲ့ပြီးနောက် KIO အထက်ပိုင်း အရာရှိအချို့သည် လိုင်ဇာဌာနချုပ်မှ ခရီးပြုနေကြောင်း သိရသည်။

အဆိုပါ KIO အထက်ပိုင်းအရာရှိများ လိုင်ဇာဌာနချုပ်မှ ခရီးပြုနေခြင်းနှင့် ပတ်သက်၍ လုံခြုံရေးအရနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးမှု ကိစ္စများကြောင့် ဖြစ်သည်ဟု KIA အရာရှိများပြောသည်။

ဌာနချုပ်နယ်မြေ လိုင်ဇာရှိ KIA ၏ အမာခံတပ်စခန်းများကို အစိုးရစစ်တပ်မှ တိုက်ခိုက်သိမ်းယူထားပြီးဖြစ်သောကြောင့် အစိုးရစစ်တပ်မှ အချိန်မရွေး ၀င်ရောက်သိမ်းပိုက်နိုင်သည့် အခြေအနေဖြစ်၍ လိုင်ဇာမြို့၏ လုံခြုံရေးအရ အထက်ပိုင်း ခေါင်းဆောင်များ စိုးရိမ်နေရချိန်လည်းဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘား ဒွဲပီဆာပြောသည်။

“သူတို့က မပြောတတ်ဘူး သမ္မတက လိုင်ဇာမ၀င်ဘူးဆိုပြီးပြောတယ်။ တချို့က ဆွေးနွေးရအောင်ပြောတယ်။ တချို့ကချေမှုန်းရအောင်ပြောတယ်။ သူတို့လည်း အမျိုးမျိုးပြောနေတော့ ကျနော်တို့လည်း မခန့်မှန်းနိုင်ဘူးလေနော်။ အဲဒါကြောင့် အရင်ကလိုတော့ မအိပ်ရဘူး၊ မနေရဘူး။ အရင်နဲ့ မတူအောင်တော့ သွားလာနေရတာပေါ့။ တိုက်ပွဲရဲ့ အခြေအနေအရ နေရတာပေါ့။ စစ်ဖြစ်တယ်ဆိုတော့ လွတ်အောင်တော့ လှုပ်ရှားရတယ်လေ။” ဟုပြောသည်။

ယခုချိန် KIO ဌာနချုပ်နယ်မြေမှ ခရီးပြုနေသောအရာရှိများသည် အထက်ပိုင်းခေါင်းဆောင်အချို့ဖြစ်ပြီး အရပ်ဖက်အုပ်ချုပ်ရေးဌာနနှင့် လုံခြုံရေးဌာနများ၊ ဒုက္ခသည်စောင့်ရှောက်ရေးဌာနများသည် သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

မည်သည့်ခေါင်းဆောင်များဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပဲ ထိုသို့ခရီးပြုနေခြင်းသည် ရှေ့ဆက်လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စများကြောင့်  ဖြစ်သည်ဟု လိုင်ဇာအုပ်ချုပ်ရေးမူး ဗိုလ်မှူး ကရဲန်နော်အောန် (Kareng Naw Awn) KNG ကချင်သတင်းဌာနသို့ပြောသည်။

 “သူတို့ရဲ့ အလုပ်နဲ့ ပါတ်သက်ပြီး သွားလာတာဟုတ်တယ်။ ဌာနချုပ်နဲ့ ပတ်သက်ပြီးသွားတယ်။ UNFC နဲ့ပတ်သက်ပြီးသွားတာရှိတဲ့။ သူတို့အပိုင်းနဲ့ သူတို့ပေါ့။ အဲလိုနဲ့ သွားလာနေကြတာဟုတ်တယ်။ လိုင်ဇာမှာနေတဲ့ လူတွေလည်းရှိတယ်။” ဟု ပြောသည်။

လိုင်ဇာမြို့တွင်းသို့ အစိုးရတပ်များဝင်ရောက်လာပါက ပြည်သူလူထုနှင့် ဒုက္ခသည်များလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးရန် စီစဉ်မှုရှိကြောင်း ပြောဆိုသော်လည်း လိုင်ဇာမြို့တွင် ခိုလုံနေသော ဒုက္ခသည်လူထုများသည် အစိုးရ၏ လှုပ်ရှားမှုများကို စိုးရိမ်ပူပန်နေသည်။

ယခုချိန်တွင် အစိုးရတပ်စခန်းဖက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမရှိသေးသော်လည်း အစိုးရတပ်ဖက်မှ လှုပ်ရှားလာလျင် ခုခံပစ်ခတ်ရန် KIA ဖက်မှလည်း အဆင်သင့်ပြင်ဆင်ထားရကြောင်း KIA တပ်မဟာ (၅) ရှေ့တန်းမှ အရာရှိတစ်ဦး ပြောသည်။

“ကျွန်တော်တို့လည်း စစ်ရေးအရ စီစဉ်စရာရှိတာတွေ စီစဉ်နေတယ်။ သူတို့ဘယ်လိုပြန်လုပ်လာမယ်ဆိုတာကို စောင့်ကြည့်နေတယ်။ ကျွန်တော်တို့ဖက်ကနေ သွားပစ်လို့လည်းမရ၊ သူတို့လိုမျိုး စစ်လက်နက် အင်အားကြီးတာလည်းမဟုတ်ဘူးဆိုတော့။ အခြေအနေက သူတို့ပစ်ရင် ကျွန်တော်တို့လည်း ခုခံပစ်ရမှာပဲ။” ဟု  ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စကို ‘၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဖိတ်ခေါ်ချက်အရ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့သော်လည်း မည်သည့်ရက်တွင် တွေ့ဆုံမည်ကို မသိရသေးပေ။

ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ခရီးစဉ်တွင်ရောက်ရှိနေသော KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ ဗိုလ်မှူးကြီး ဝေါ့ခရုန်း လဖိုင်ဆင်ဝါး၊ ဗိုလ်မှူးကြီး ဂေါ့လူလအောင် တို့သည် ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ (UNFC) အပါအ၀င် ဂျပန်နိုင်ငံ လွှတ်တော်အမတ် Mr. Michihiro Ishibashi ဦးဆောင်သောအဖွဲ့များနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့သည်။


www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com



0 comments:

Post a Comment

Note: Only a member of this blog may post a comment.