Wednesday, January 30, 2013

ကချင်ဒေသတွင် အဓမ္မနည်းဖြင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းခြင်းကို ရပ်တန့်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တောင်းဆို

ဇွန် ၁၁၊ ၂၀၁၂ KBC အတွင်းရေးမှူး Rev. Dr. Hkalam Sam Sun မှ နှစ်ခြင်းလူငယ်များရဲ့ ကချင်စစ်ပွဲ ၁ နှစ်ပြည့် အခန်းအနားသို့ တက်ရောက် စကားပြောနေစဉ်။
ကချင်ပြည်နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) သည်
ယနေ့ပြုလုပ်သော ငြိမ်းချမ်းရေးဆုတောင်းခြင်းအစီစဉ်တွင် အစိုးရအား အဓမ္မနည်းဖြင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းခြင်းထက် စစ်မှန်ပြီး တရားမျှတသောငြိမ်းချမ်းရေး ရရှိနိုင်ရန် “တိကျသောမူဝါဒများ၊ လုပ်ငန်းစဉ်များ” ချမှတ်ကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်း အမြန်ဆုံးပြုလုပ်ရန်တောင်းဆိုလိုက်သည်။

ယနေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ မြန်မာပြည်တ၀ှမ်း အသင်းတော် ဇုံနယ် ၁၅ ခုမှ ဓမ္မဆရာများ ၁၅၀ ဦးဆောင်၍ မြစ်ကြီးနားမြို့ ဂျော်ဘွမ် (Jaw Bum) ဆုတောင်း တောင်တွင် ငြိမ်းချမ်းရေးအတွက် ၀တ်ပြုဆုတောင်းပွဲအစီစဉ်ပြုလုပ်ခြင်းနှင့်အတူ အစိုးရကိုလည်း အချက် (၄) ချက်ဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်ဆရာများ ပြောသည်။

အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြားဖြစ်ပွားနေသော တိုက်ပွဲများနှင့် အစိုးရမှ လူမျိုးရေးတိုက်ခိုက်ချေမှုန်းမှု ထိုးစစ်ဆင်ခြင်းမျိုးမပြုလုပ်ပဲ ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာနိုင်ရန် မျှော်လင့်သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ပြောသည်။

“အစိုးရက လွှတ်တော်အစည်းအဝေးတွေမှာတောင် ကချင်တွေအားလုံးကို အမြစ်ပြုတ်ချေးမှုန်း မယ်ဆိုတဲ့ အတိုင်းလက်တွေ့မှာဖြစ်နေတယ်။ ကျွန်တော်တို့ ဆန္ဒပြတောင်းဆိုရင်လည်း သူတို့က ဘာမှအရေးယူ လုပ်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ထက်သာတဲ့ ကျွန်တော်တို့ရဲ့ ဘုရားသခင်ဆီမှာ ဆုတောင်းခြင်းဖြစ်တယ်။” ဟု သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ကချင်သတင်းဌာန (KNG) သို့ပြောသည်။

မြန်မာနိုင်ငံ သမ္မတ၏  “ထာဝရငြိမ်းချမ်းရေးလမ်းပြမြေပုံ” ဖော်ဆောင်နေစဉ်ကာလအတွင်း တိုင်းရင်းသားများကြား ယုံကြည်မှုနှင့် စည်းလုံးညီညွတ်ရေး ကို ထိခိုက်ပျက်ပြားစေသည့် ကချင်ဒေသအတွင်း စစ်ရေးတိုက်ခိုက်မှုများကို ချက်ခြင်းရပ်တန့်ပေးရန်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသော အကူအညီပေးသည့် အဖွဲ့အစည်းများအား အကူအညီလိုအပ်သည့် နေရာများအားလုံးသို့ အတားအဆီးမရှိ အမြန်ဆုံးနှင့် အထိရောက်ဆုံးကူညီခွင့်ပေးရန်၊ ဥပဒေမဲ့ တိတ်တဆိတ်ဖမ်းဆီးခြင်း၊ လုံခြုံရေးအကြောင်းပြပြီး မတရားဖမ်းဆီးခြင်း၊ စစ်ရှောင်စခန်းများသို့ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများမပြုလုပ်ရန်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို လေးစားလိုက်နာရန် တောင်းဆိုထားသည်။

ထို့အတူ ကချင်ပြည်နယ်အနှံ့တွင်ဖြစ်ပွားနေသော ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်အရာရှိစစ်သည်များ အများအပြား အသက်ပေးခဲ့ရခြင်း၊ အပြစ်မဲ့ပြည်သူများ မြောက်များစွာ ထိခိုက်သေကျေပြီး အသက်အိုးအိမ်ပျက်စီး ဆုံးရှုံးနေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး၏ ဆုံးရှုံးမှုဖြစ်သည်ဟုဆိုသည်။

စစ်မက်များဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လက်ရှိချိန် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ရှိနေပြီး ကျေးရွာပေါင်း ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် မိမိတို့တန်ဖိုးထားသော သန့်ရှင်းမြင့်မြတ်သည့် ဘုရားဝတ်ပြုကျောင်း ၆၆ ဖျက်ဆီးခံခဲ့ရပြီး အချို့ဘုရားဝတ်ပြုကျောင်းများအတွင်း ညစ်ငြမ်းယုတ်ညံ့သည့် လုပ်ရပ်များလုပ်ဆောင်ခြင်းကို ကြုံတွေ့ရသည့်အပြင် စစ်အခြေအနေများ ပိုမိုပြင်းထန်ဆိုးဝါးလာသောကြောင့် KBC မှ လွန်စွာစိုးရိမ်နေသည်ဆိုသည်။

ယခုချိန် ကချင်လူထုနေထိုင်သော နယ်မြေဒေသများတွင် စစ်ပွဲများဖြစ်ပွားနေပြီး ဓါတုလက်နက်အပါအ၀င် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် စစ်အင်အားအမြောက်များအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို ရပ်တန့်၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပြုလုပ်ရန်  တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ နယ်မြေတ၀ိုက်မှ KIA ၏ အမာခံ ခံစစ်စခန်းများအားလုံးကို အစိုးရစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားသော်လည်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည် မဟုတ်ကြောင်း ပါဝင်သောဆရာများကလည်း ဆိုသည်။

KBC အသင်းချုပ်၏ ထုတ်ပြန်ကြေငြာချက်အောက်တွင်လည်း ခရစ်ယာန်သမ္မာကျမ်းစာမှ “တရားသဖြင့် စီရင်သော ရှင်ဘုရင်သည် တိုင်းပြည်ကို တည်စေတတ်၏။ တံစိုး စားသော ရှင်ဘုရင်မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။ သုတ္တံ ၂၉း၎” ဟု ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ ငြိမ်းချမ်းရေးစည်းဝေး ဆုတောင်းခြင်းအစီစဉ်ကို အသင်းတော် ဇုံနယ် ၁၅ ခုနှင့်အတူ ၀တ်ပြုခြင်းသည် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး နံနက် ၇ နာရီမှ ၁၀ နာရီချိန် ၀တ်ပြုရာတွင် ဒေသခံလူထု  ၃၀၀ ခန့်တက်ရောက် ပါဝင်ခဲ့ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကို ၁၉၁၀ ခုနှစ်မှ စတင်ဖွဲ့စည်းထားပြီး ပြည်တွင်းပြည်ပ ကမ္ဘာတစ်လွှားရှိ ကချင်တိုင်းရင်းသားလူမျိုးစုအများစုဖြင့် ဖွဲ့စည်းထားသော အဖွဲ့ချုပ်ဖြစ်ကာ ကမ္ဘာ့နှစ်ခြင်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်လည်းဖြစ်၍ သန်းပေါင်းနှစ်ထောင်ကျော်သော ခရစ်ယာန်ဘာသာဝင်များနှင့် ဆက်သွယ်နေသောအဖွဲ့ချုပ်ဖြစ်ကြောင်းလည်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အစိုးရစစ်တပ်သည် လွန်ခဲ့သည့် ၂၀၁၁ ဇွန်လ (၁၉) ရက်နေ့မှစ၍ ကချင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ကချင်ဒေသအတွင်း ထိုးစစ်ရပ်ရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၁၀) ရက်နေ့တွှင် တကြိမ်၊ ယခုနှစ် ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် တကြိမ် အပစ်ခတ်ရပ်စဲရန်ကြေငြာခဲ့သော်လည်း ယနေ့ချိန်ထိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com


0 comments:

Post a Comment

Note: Only a member of this blog may post a comment.