Tuesday, January 22, 2013

အစိုးရထိုးစစ်ကြောင့် ဖားကန့် ဂင်ဆီ ဆိုင်းရာဒေသရှိ ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်လာ


လုံးခင်းနဲ့ KIA တပ်ရင်း ၆ Ginsi ကို ဆက်သွယ်ပေးသော ဥရုချေင်းတံတား၊ ဖားကန့်မြို့နယ်။
မြန်မာအစိုးရတပ်သည် ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၆) ဒေသ ဂင်ဆီဆိုင်းရာအနီးသို့ စစ်ကြောင်းများဖြင့်ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ဒေသခံများကြောက်လန့်၍ ၄င်းဒေသအနီးဝန်ကျင်ရှိ ကျေးရွာများမှ ရွာသား ၃၀၀၀ ကျော် ဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

ဖားကန့်မြို့ဂင်ဆီဆိုင်းရာဖက်သို့ အစိုးရစစ်တပ်သည် စစ်မျက်နှာ ၃ ခုဖြင့် ထိုးစစ်ဆင်လာသောကြောင့် ရွာပေါင်း ၁၀ ရွာမှ ဒေသခံများသည် ဇန်နဝါရီလ ၁၉ နှင့် ၂၀ ကြားတွင် ဖားကန့်မြို့ဒုက္ခသည်စခန်းသို့ အသီးသီးထွက်ပြေး တိမ်းရှောင်လာခြင်းဖြစ်ကြောင်း ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောသည်။

“ညမှာ ကားတွေ ဆိုင်ကယ်တွေ သုံးဘီးကားတွေ ထော်လာဂျီတွေနဲ့ ပြေးလာကြတယ်။ ဂင်ဆီဆိုင်းရွာထဲလူနေအိမ်မှာတော့ ဘယ်သူမှမရှိတော့ဘူး။ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာတော့ ၄၀၀ ကျော်ရှိသေးတယ်။ ကျွန်တော်တို့ အခုရောက်လာတဲ့ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းတွေနဲ့ ကလေးတွေအတွက် ကျောင်းကိစ္စတွေစီစဉ်ပေးနေတယ်။ ” ဟု ဖားကန့် ခရစ်ယာန် စစ်ရှောင်များ စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိ ဆရာတစ်ဦးပြောသည်။

ဖားကန့်မြို့ကျောက်စိမ်းတူးဖော်သည့်နယ်မြေ ဂင်ဆီဆိုင်ရာ ကျေးရွာများဖြစ်သော ဂင်ဆီခေါ၊ အောင်ဘာလီ၊ ဂင်ဆီကျေးရွာ၊ ယုန်းချို၊ မှော်ရှန်၊ မှော်ဘုန်၊ မန်ထန်ယန်၊ မဇွပ်ယန်၊ ဆိုင်းရာသစ်၊ ကထန်မှော် များမှ ထွက်ပြေးလာကြောင်းသိရသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များသည် လုံးခင်း၊ ကက်သလစ်ဘုရားကျောင်း၊ ဓမ္မာရုံ၊ မော်ဆီဇာနှစ်ခြင်းခရစ်ယာန်၊ ဘုန်းကြီးကျောင်း၊ ဖားကန့်နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် ဆိုင်းတောင်နှစ်ခြင်းခရစ်ယာန်ကျောင်းများတွင် ခိုလှုံနေကြောင်း ဒုက္ခသည်များကို ကူညီပေးသူများပြောသည်။

ဒုက္ခသည်များတွင် ကျမ်းမာရေးအားနည်း၍ ဖျားနာမှုများရှိနေပြီး အော့အန်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများဖြစ်ပွားနေကြောင်း သိရသည်။

မြန်မာအစိုးရတပ်များသည် အင်အားများတိုးချဲ့၍ လက်နက်ကြီးများဖြင့် ဂင်ဆီဆိုင်းရာကျေးရွာများသို့ ပစ်ခတ်လာခြင်းကြောင့် ၎င်းဒေသတွင် ကျောက်စိမ်းတူးဖော်နေသည့် မှော်များမှ လုပ်သားများနှင့် အနီးဝန်းကျင်ရှိကျေးရွာဒေသခံများအားလုံး ထွက်ပြေးလာခြင်းဖြစ်ကြောင်းသိရသည်။

အစိုးရတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်လိုင်ဇာတွင်လည်း ကြည်းတပ်၊ လေတပ်၊ အမြှောက်တပ်များဖြင့် အဆက်မပြတ်ပြင်းထန်စွာထိုးစစ်ဆင်နေသောကြောင့် KIA ခြေကုတ်စခန်းတချို့ နောက်ဆုတ်ပေးလိုက်ရချိန် ယခု ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသကိုလည်း ဆက်လက်၍ စစ်မျက်နှာဖွင့်လာခြင်းဖြစ်ကြောင်း သိရသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.