Friday, March 1, 2013

ချီဖွေ-လောခေါင်နယ်မြေသို့ အစိုးရထိုးစစ်ကြောင့် KIA တပ်စခန်း ၂ ခု နောက်ဆုတ်လိုက်ရ

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ချီဖွေနှင့် လောခေါင်ဇုံနယ် နယ်မြေအတွင်း မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲ အဆက်မပျက်ဖြစ်ပွားနေပြီး KIA တပ်စခန်း ၂ ခုနောက်ဆုတ်လိုက်ရကြောင်းသိရသည်။

အစိုးရတပ်ဖွဲ့ ခလရ တပ်ရင်း ၂၆၀ ၊ ၂၉ တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) တပ်ဖွဲ့နှင့် တပ်ပေါင်းစုတပ်ဖွဲ့ (၄) ဖွဲ့ဖြင့် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှစ၍ ထိုးစစ်ဆင်လာသောကြောင့် နောက်ဆုတ်လိုက်ရခြင်းဖြစ်ပြီး တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေသည်မှာ တစ်ပါတ်ခန့်ကြာပြီဖြစ်ကြောင်း KIA အရာရှိပြောသည်။

“လောခေါင်ဖက်ကနေ စစ်ကြောင်း ၂ ခု၊ မျှော်ဂျော်ဖက်ကနေ စစ်ကြောင်း ၂ ခု ထိုးစစ်ဆင်လာတယ်။ သူတို့ထိုးစစ်ဆင်လာလို့ အဲဒီမှာ ပစ်ခတ်ကြရင် ကျနော်တို့နေတဲ့ နေရာအနီးမှာနေတဲ့ ပြည်သူလူထုကို ထိခိုက်မှာဆိုးလို့ မျှော်ဂျော်က စခန်းနဲ့ အဲဒီအနီးက စခန်းတစ်ခု နောက်ဆုတ်လိုက်တယ်။” ဟု ချီဖွေ တွင်ရောက်ရှိသော အမည်မဖော်လိုသူ KIA ဗိုလ်ကြီး တစ်ဦးကပြောသည်။

ယခုချိန် တိုက်ပွဲများသည် KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀) နှင့် အစိုးရတပ် တပ်ရင်း (၂၆၀) အပါအ၀င် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များ ပြည်သူ့စစ်တပ်ပေါင်းစု တပ်ဖွဲ့များ စုပေါင်းသော အင်အား ၃၀၀ ခန့်ရှိသည့် တပ်များနှင့် နေရာအသီးသီးတွင်ဖြစ်နေခြင်းဖြစ်သည်ဟု KIA အရာရှိဆက်ပြောသည်။

“စနေနေ့က လောခေါင် (Law Hkawng) အထက်မှာ တနေရာ၊ စုစည်း (Tsu Si) ဆိုတဲ့ တနေရာ၊ ဘတ်မျှော် (Bat Myaw) ဆိုတဲ့တနေရာ၊ မျှော်ဂျော် (Myaw Jaw) ဆိုတဲ့ တစ်နေရာ ၄ နေရာမှာတိုက်ပွဲဖြစ်တယ်။ တနင်္ဂနွေနေ့၊ တနင်္လာနေ့၊ ဗုဒ္ဓဟူး နေ့ထိ လောခေါင်အထက်မှာ ပစ်တယ်။  အဲဒီနေရာမှာတော့ အစိုးရဖက်က နည်းနည်း ကျတယ်။ ဗုဒ္ဓဟူး နေ့တော့ ကျနော်တို့ဖက်က တစ်ယောက် အစိုးရဗုံးနဲ့ ဒဏ်ရာရတယ်။ မနေ့ကတော့ ဆော့လော် (Saw Law)မှာပစ်ကြတယ်။ ကျနော်တို့ရှိနေတဲ့ နေရာမှာသူတို့လာပစ်တာ။” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားလာသောကြောင့် လောခေါင်နှင့် မျှော်ဂျော်ကျေးရွာမှ အိမ်ထောင်စု ၁၀၀ ခန့်ရှိသော ပြည်သူလူထုများသည် KIA တပ်ဖွဲ့များရှိရာသို့ ထွက်ပြေးတိမ်းရှောင်နေပြီး ယခုချိန် ၎င်းတို့၏ စားဝတ်နေရေးအတွက် KIA တပ်ဖွဲ့များ၏ ရိက္ခာများမှ တတ်နိုင်သမျှဝေမျှပေးနေရကြောင်း သိရသည်။

ယခုချိန် ထိုဒေသတွင်း ထွက်ပြေးခိုလှုံနေသော ဒုက္ခသည်များနေရာသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ၄င်းတို့အတွက် စားဝတ်နေရေးစိုးရိမ်နေရကြောင်း သိရသည်။

ထိုနယ်မြေတွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလဆန်းပိုင်းမှ အစိုးရတပ်ဖွဲ့များသည် ရဟတ်ယာဉ်များဖြင့် စစ်လက်နက်အင်အားနှင့် ရိက္ခာများတိုးချ ပို့ဆောင်နေပြီး ထိုကျေးရွာမှ တွေ့သမျှဒေသခံ ပြည်သူများများကိုလည်း ပေါ်တာခေါ်ကာ လက်နက် ရိက္ခာများ ထမ်းခိုင်းနေသည်ဟု သိရသည်။

အဆိုပါ ချီဖွေ-လောခေါင်နယ်မြေတွင် အစိုးရစစ်တပ်များသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် သို့ပြင်းထန်စွာထိုးစစ်ဆင်ပြီးနောက် ၄င်းနေရာဖက်သို့ ပြန်လည်နေရာယူ စစ်အင်အားတိုးချခဲ့သော ဒေသလည်း ဖြစ်သည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment

Note: Only a member of this blog may post a comment.