Monday, March 4, 2013

ရှမ်းပြည်မြောက်ပိုင်း KIA ရှိရာသို့ အစိုးရတပ်များ အင်အား ဆက်တိုက်တိုးချဲ့လာသောကြောင့် တိုက်ပွဲပြင်းထန်လာနိုင်

ရှမ်းပြည်အရှေ့မြောက်ပိုင်း KIA တပ်မဟာ ၄ တပ်ဖွဲ့များ။
မြန်မာအစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်းဒေသသို့ စစ်လက်နက်အင်အားများနေ့စဉ် တိုးချဲ့နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း KIA ဖက်ကသုံးသပ်ပြောဆိုသည်။
ယနေ့ညနေ ၅ နာရီခွဲချိန်တွင် နမ်ခမ်း (Nam Hkam) ဘက်မှ အစိုးရစစ်တပ် ကား ၁၆ စင်းသည် မူဆယ် (Muse) သို့ရောက်ရှိလာပြီး အင်အား ၄၀ ကျော်နှင့် မြင်း ၅ ကောင် တင်လာကြောင်း ဒေသခံများပြောသည်။

ယမန်နေ့မှစ၍ မြန်မာအစိုးရတပ်များသည် တပ်မဟာ(၄) နယ်မြေ သို့ စစ်အင်အားများကို ဆက်တိုက်တိုးချဲ့လာခြင်းဖြစ်ပြီး နမ်ဒူ (Nam Du) ဘက်မှ တပ်ရင်း (၈) မုန်းမော် (Mung Maw) ဒေသသို့ အစိုးရတပ်မှ အင်အား ၁၆၀ ကျော် ချထားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“အဖွဲ့ ၂ ဖွဲ့ဟုတ်တယ်။ တစ်ဖွဲ့က လူတွေနဲ့ မြင်းတွေနဲ့ ၉ နာရီလောက်မှာ ရောက်လာတယ် .. ပြီးတော့ တစ်ဖွဲ့က ၁၁ နာရီခွဲလောက်မှာ လူအင်အားပဲ ၁၀၀ လောက်နဲ့ ရောက်လာ တယ်… ခြေလျင်နဲ့ဟုတ်တယ်။” ဟုပြောသည်။

ထို့အတူ KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) နယ်မြေတွင်လည်း အစိုးရအင်အား ၃၀ ကျော်သည် ကောင်းဂွင် (Kawng Gwi) စခန်းသို့ တိုးချလာကြောင်း တပ်ခွဲ(၅)မှ KIA အရာရှိတစ်ဦးပြောသည်။

“စစ်အင်အားက ဆုတ်တာမရှိဘူး နေ့တိုင်းလို နည်းနည်းစီပို့နေတာ။ နည်းအမျိုးမျိုးနဲ့ပို့ပြီး တစ်နေ့မှာ ၁၀ ယောက်လောက်ပို့နေကြတယ်။ နေရာတိုင်းပဲ …ဒီနေ့လည်း MHH တပ်က လူငယ်ကို ပန်ဆိုင်းရွာ အထွက် အစိုးရတပ်က သေနတ်နဲ့ထောက်ပြီး ကောင်းဂွင်စခန်းဖက်ကို ပို့ခိုင်းတယ်။ ၄ ယောက်ကို ၂ ကြိမ်ပို့ပေးခဲ့တယ်တဲ့” ဟု MHH အရာရှိပြောသည်။

မြန်မာအစိုးရတပ် (ခမရ ၂၄၀) စင်လီ၊ (ခလရ ၆၉၊  ၂၉၀) နမ်ဂျရပ် ရှိတပ်များတိုးချလာခြင်းဖြစ်ပြီး ဦးခွန်မြတ် ဦးဆောင်သော ပြည်သူ့စစ်၊ မုန်ဘော်ပြည်သူစစ် များလည်းဝင်ကြောင်းသိရသည်။ 

မြန်မာအစိုးရသည်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား စစ်ရေးတင်းမာမှုများ လျှော့သွားရန် ဆောင်ရွက်နေချိန် တပ်မဟာ (၄) နယ်မြေ ရှမ်းပြည်မြောက်ပိုင်းတွင် ထိုကဲ့သို့တပ်ပေါင်းစုများ စစ်အင်အား ၁၀၀၀ ကျော် တိုးချလာပြီး ဆက်လက်၍ အင်အား တိုးချနေဆဲဖြစ်သောကြောင့် မကြာမီနှစ်ဖက်တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း အရာရှိများပြောဆိုသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group
 

0 comments:

Post a Comment

Note: Only a member of this blog may post a comment.