Friday, March 29, 2013

ဗကသ မှ KIO နယ်မြေရှိ ဒုက္ခသည်များ ပညာရေးအတွက် ကူညီ

 
တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ရှိ ပညာရေးအခက်ခဲဖြစ်နေသော ဒုက္ခသည်များကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မကများ အဖွဲ့ချုပ်(ဗကသ) မှလာရောက်အကူအညီပေးကာ ဆက်လက်ကူညီနိုင်ရန်လေ့လာကြည့်ရှုခဲ့ကြသည်။

ယမန်နေ့ ရန်ကုန်မြို့မှရောက်ရှိလာသော ဗကသအဖွဲ့များအနေဖြင့် ဒုက္ခသည်များ၏ ပညာရေးနှင့် ပတ်သက်ပြီး ရှေ့ဆက်ထပ်မံကူညီသွားနိုင်ရန် လိုအပ်ချက်များကိုလေ့လာကြည့်ရှုကာ ရန်ကုန်ရှိ ပြည်သူများထံမှ ကောက်ခံရရှိသော အလှူငွေကိုကူညီပေးရန်ဖြစ်သည်ဟု ဦးဆောင်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မကများ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ကိုမိုးထက်နေ ကပြောသည်။

“အဓိကတော့ ကျနော်တို့ ကချင်ဒုက္ခသည်စခန်းမှာ ရှိတဲ့ ကျောင်းသားတွေရဲ့ ပညာရေးကိစ္စမှာ ဘာတွေပူးပေါင်းဆောင်ရွက်နိုင်မလဲ။ ဘာတွေလုပ်ပေးနိုင်တာရှိလဲ ဆိုတဲ့ဟာတွေကို လာပြီးတော့ လေ့လာတာပါ။ ပြီးတော့ ကျနော်တို့ ရန်ကုန်မြို့နယ်တွေက ကချင်စစ်ပြေးအတွက်ပေါ့နော်။ လိုက်ပြီး အလှူခံထားတာရှိပါတယ်။ အ၀တ်အစားနဲ့ ငွေ ၁၄ သိန်းရှိပါတယ်။ အ၀တ်အစားကိုတော့ ရန်ကုန်က ကချင်ကွန်ယက်တွေနဲ့ လှမ်းပို့ထားပါတယ်။ အဲဒါက အချိန်ကျရင် သူတို့လာပေးမှာပါ။ ငွေကိုတော့ ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သုံးဖို့အတွက် မနက်ဖြန် ကျနော်တို့ လှူပါမယ်”


၎င်းတို့အဖွဲ့သည် ယနေ့တွင် လိုင်ဇာနယ်မြေအနီးတ၀ိုက်ရှိ ဒုက္ခသည်များ၏ ကျောင်းနှင့် အခက်ခဲအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ကပြောသည်။

“ဒီနေ့ စစ်ပြေးဒုက္ခသည်စခန်းတွေမှာလိုက်ခေါ်သွားတယ်။ သူတို့က ပညာရေးကျောင်းနဲ့ ပတ်သက်ပြီး လာလေ့လာတယ်ဆိုလို့ ကျောင်းတွေကိုလိုက်ခေါ်သွား တယ်။ ကျောင်းပိတ်ပြီဆိုတော့ ကျောင်းဆရာတွေနဲ့ လိုက်တွေ့ပေးတယ်။ ကျောင်းဆရာတွေက သူတို့ အဖြစ်အပျက် အတွေ့အကြုံတွေကိုပြောပြတယ်။ သူတို့လည်း မှတ်ယူတယ်။ သိချင်တာတွေမေးကြတယ်”

ထိုသို့ လေ့လာကြည့်ရှုခြင်းအားဖြင့် ဒုက္ခသည်များအတွင်း ကျောင်းအဆောက်အဦးများ၊ ပုံနှိပ်စာအုပ်၊ ရေးစာအုပ်များ မလုံလောက်သည့်ပြဿနာများတွေ့ရပြီး ယခုတွေ့ရှိခဲ့သမျှအခြေအနေများကို ပြန်သွားသည့်အခါ ရန်ကုန်နှင့် မန္တလေးတို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ဗကသ ကို ခရိုင် ၁၆ ခုဖြင့်ဖွဲ့စည်းထားပြီး ၎င်းခရိုင်များတွင်ရှိသော ကျောင်းသားများကိုလည်း ကချင်ဒုက္ခသည်များ၏ ပညာရေးနှင့်ပတ်သက်ပြီး အခက်အခဲ လိုအပ်ချက်များကို အသိပေးသွားကာ ကူညီပေးနိုင်မည့်နည်းလမ်းကိုရှာပြီး အမြန်ဆုံးထောက်ပံ့ပေးသွားနိုင်အောင် ကြိုးစားသွားမည်ဟု ကိုမိုးထက်နေက KNG ကချင်သတင်းဌာနသို့ပြောသည်။

ယခုကဲ့သို့ ပြည်သူများ ပညာရေးနှင့် အခက်ခဲဒုက္ခအမျိုးမျိုးခံနေရခြင်းသည် စစ်ပွဲကြောင့်ဖြစ်ပြီး စစ်ပွဲဖြစ်ရခြင်းသည်လည်း အချင်းချင်းမတူညီကွဲပြားမှုများရှိနေသောကြောင့် ဖြစ်သည်ဟု ကိုမိုးထက်နေက ဆက်ဆိုသည်။

“ဒီစစ်ဖြစ်တာကလဲ ကျနော်တို့ ရှင်းရှင်းလင်းလင်းမြင်တာက တူညီတဲ့အခွင့်အရေးတွေမရှိလို့ဖြစ်တယ်လို့ မြင်ထားပါတယ်။ မတူညီတဲ့ အမြင်တွေ ကွဲပြားတဲ့အမြင်လိုအပ်ချက်တွေရှိနေတယ်။ အဲဒီရှိတဲ့ဟာကို စစ်ရေးအားဖြင့် ရှင်းလို့မရဘူး။ စစ်ရေးနဲ့က တိုင်းရင်းသားဒေသ ပြည်သူတစ်ရပ်လုံးကို ထိခိုက်တယ်။ အဲတော့ တူညီတဲ့ အခွင့်အရေးပေးတယ်ဆိုရင် ဘယ်သူမှ စစ်တိုက်မှာမဟုတ်ဘူး။ စစ်တိုက်ဖို့လည်းလိုမှာ မဟုတ်ဘူး။ အဲဒီအတွက် ကျနော်တို့တိုင်းရင်းသား လူမျိုးစုကြားမှာ တန်းတူညီမျှမှု ရှိဖို့လိုတယ်။ အဲဒီဟာအတွက်လည်း ကျနော်တို့ အစိုးရကို တောင်းဆိုသွားမှာဖြစ်တယ်”

ယခုလိုင်ဇာသို့ရောက်ရှိလာနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မကများ အဖွဲ့ချုပ်(ဗကသ)မှ ၆ ဦး နှင့် ရွှေရောင်တွဲလက်မှ ၂ ဦး စုစုပေါင်း ၈ ဦးသည် ရန်ကုန်မြို့မှလာခဲ့ခြင်းဖြစ်သည်။

ယခုချိန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေရှိ အစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမည့် (၁၀)တန်းကျောင်းသူကျောင်းသားများ အခက်ခဲရင်ဆိုင်နေရပြီး ၄င်းတို့သည် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲဖြစ်ပွားလာချိန်မှစ၍  အစိုးရအုပ်ချုပ်နယ်မြေသို့ စာမေးပွဲသွားရောက်ဖြေဆိုရန် လုံခြုံရေးစိုးရိမ်မှုကြောင့် ယမန်နှစ်မှ ဖြေဆိုခြင်းမရှိတော့ပေ။

အဆိုပါ ကျောင်းသားများ၏ ပညာရေးမနစ်နာစေရန် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် KIO ပညာရေးအဖွဲ့၏ ဗဟိုကော်မတီမှ ၀ိုင်းဝန်း၍မေးခွန်းထုတ်ကာ လာမည့် ဧပြီလ ၁ နေ့မှစ၍ စစ်ဆေးပေးသွားမည်ဖြစ်သော်လည်း ရေရှည်အတွက်ကလေးများ အနာဂတ်ပညာရေးမထိခိုက်စေလိုကြောင်း လိုင်ဇာ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ဂျာမိုင် KNG ကချင်သတင်းဌာနသို့ပြောသည်။

“ကျမတို့ကလေးတွေကလည်း မြန်မာနိုင်ငံရဲ့တက္ကသိုလ်ကိုတက်ခိုင်းစေချင်တာပေါ့ ကျမတို့ကလေးတွေကို သူတို့အနာဂတ်အတွက် စစ်ရေးကြောင့် နိုင်ငံရေးကြောင့် အဲလိုဖြစ်တယ်ရင်လည်း ကျမတို့ပညာရေးမှာ ကျမတို့ကို ဒီလို ပြစ်မထားတာကို လိုချင်တယ်လို့ အဲလိုပဲပြောချင်တယ်”

ကချင်လွတ်မြောက်ရေးအဖွဲ့ နယ်မြေ လိုင်ဇာ၊ မိုင်ဂျာယန်၊ အင်ဂွမ်းလဒေသရှိ အထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရမည့် ကျောင်းသားပေါင်း ၂၀၀ ကျော်ရှိသည်ဟု သိရသည်။

ထိုသို့ ကချင်ဒုက္ခသည်များ၏ လက်ရှိ ပညာရေးဖက်တွင် အခက်ခဲတွေ့ကြုံနေချိန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မကများအဖွဲ့ချုပ်မှ ပညာရေးအတွက် အခြေအနေအသီးသီးကိုလာရောက်ကူညီ ကြည့်ရှု လေ့လာခြင်းအားဖြင့် နောင်အတွက် အကူအညီအခွင့်အလမ်းများ ပိုမိုအလားအလာကောင်းလာနိုင်သည်ဟု ဆလန်ကဘား ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောဆိုသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment

Note: Only a member of this blog may post a comment.