Tuesday, February 5, 2013

ကချင်တော်လှန်ရေးနေ့ကို လိုင်ဇာတွင် လုံခြုံရေးကြောင့် လူထုများသာကျင်းပနိုင်

ဗဟိုဌာနချုပ် လိုင်ဇာမှာကျင်းပတဲ့ ၅၃ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် မြင်တွေ့ရတဲ့ KIO အရပ်ဖက်ဌာန(DGA) အုပ်ချုပ်ရေးမှူး Salang Kaba Lajawng Hkawng Lum. ပုံ-ကချင်သတင်းဌာန

ဗဟိုဌာနချုပ် လိုင်ဇာမှာကျင်းပတဲ့ ၅၃ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် မြင်တွေ့ရတဲ့ KIO အရပ်ဖက်ဌာန(DGA) အုပ်ချုပ်ရေးမှူး Salang Kaba Lajawng Hkawng Lum. ပုံ-ကချင်သတင်းဌာန
 ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင်ကျသော (၅၃) ကြိမ်မြောက် “ကချင်တော်လှန်ရေးနေ့” အခမ်းအနားကို ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာတွင် လုံခြုံရေးယူကာ ပြည်သူလူထုများသာ သီးသန့် ပြုလုပ်ကျင်းပခဲ့ကြသည်။

ယခင် တပ်ထုနှင့် လူထုပူးပေါင်း၍ ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လိုင်ဇာမြို့နယ်မြေတ၀ိုက် အစိုးရတပ်များ တပ်ချထားခြင်းကြောင့် လုံခြုံရေးယူကာ  ဒေသခံများနှင့် ဒုက္ခသည်ပြည်သူလူထုများကသာ ဦးဆောင်ကျင်းပလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းအစီစဉ်တွင် တိုက်ပွဲကြောင့် ရှေ့တန်းတွင် ရောက်ရှိနေသူများနှင့် ကျဆုံးသွားသော KIA အဖွဲ့ဝင်များအတွက် ဆုတောင်းပေးခြင်း၊ လူငယ်များနှင့် စစ်ပြေးဒုက္ခသည်များအတွက် ဆုတောင်းခြင်းများပြုလုပ်ခဲ့ပြီး KIO ဥက္ကဋ္ဌ ဇောင်းခရား၏ ကချင်တော်လှန်ရေး မိန့်ခွန်းကို ဖတ်ကြားမှုများဖြင့် ပြုလုပ်သွားခဲ့ကြောင်း KIA လိုင်ဇာအုပ်ချုပ်ရေးမှူး ကရဲန်နော်အောန်ပြောသည်။

KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်းတွင် “ပြည်ထောင်စုနိုင်ငံ ဖြစ်လာဖို့ရန်အတွက် တိုင်းရင်းသားများ ကိုယ်ပိုင် ပြဌာန်းခြင်းခွင့်ရရှိရေး ဖယ်ဒရယ်ပြည်ထောင်စုကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် မဖြစ်နိုင်ကြောင်းနှင့် KIO သည် တိုင်းရင်းသားများလိုလားသော နိုင်ငံရေး ဆွေးနွေးမှုကို ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ၏ အပြင်ဘက်တွင် ဆွေးနွေးသွားရန်ဖြစ်သည်” ဟုတိုက်တွန်းထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံဥပဒေနောက်တွင် လက်နက်ကိုင် မြန်မာနိုင်ငံ အစိုးရစစ်တပ်များသည် အင်အားကြီးသောကြောင့် လွှတ်တော်အတွင်း မဖြေရှင်းနိုင်ခြင်းဖြစ်ကြောင်းနှင့် KIO ကို ငြိမ်းချမ်းရေးမလိုလားသူ၊ အကျန်းဖက်သူများအဖြစ် ကမ္ဘာကိုလိမ်ညာပြောဆိုနေမှုကို အပစ်အခတ်ရပ်ပြီး ငြိမ်ချမ်းရေးဆွေးနွေးခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေသို့ ပြန်လည်ခေါ်သွင်းခြင်းဖြစ်ပြီး၊ ၄င်းသည်ကချင်ပြည်သူလူထုအတွက် အာမခံချက်မရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်” ဟုဆိုသည်။ 

အဆိုပါမိန့်ခွန်းများကို ရှေ့တန်းသို့ရောက်ရှိနေသည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်သားများကိုလည်း  ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် မိန်းခွန်းများ ဝေပေးခဲ့ကြောင်းသိရသည်။

“ရှေ့တန်းမှာရှိတဲ့ သူတွေနဲ့ ကတုတ်ကျင်းမှာ နေရာယူနေတဲ့ တပ်သားတွေအားလုံးလည်း KIO ဥက္ကဌ မိန့်ခွန်းစာကို အလှည့်စီတယောက်ပြီး တယောက်ဖတ်ပြီး အားယူကြတယ်။ ကိုယ်ကျတဲ့ section မှာ မိန့်ခွန်းစာရွက်တွေဝေပေးတယ်။” ဟု ရှေ့တန်းမှ အရာရှိ တဦး KNG ကချင်သတင်း ဌာနသို့ပြောသည်။

ယနေ့ပြုလုပ်သော ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို အရပ်ဖက်အုပ်ချုပ်ရေးဌာန Department of General Administration (DGA) တာဝန်ခံ လဂျွန် ခေါင်လွမ်း၊ ဒုတာဝန်ခံ အင်ပွန်တူ ဇော်အောင်ဦးဆောင်ကျင်းပခဲ့ပြီး အစီအစဉ်တွင် ကက်သလစ် RC အသင်းတော်မှ ဘုန်းတော်ကြီးနှင့် နှစ်ခြင်းအသင်းမှ ဓမ္မဆရာများဆုတောင်းခြင်းများဖြင့် ပြုလုပ်ခဲ့ကာ KIA ရဲဘော်များက လုံခြုံရေးတာဝန်ယူပေးခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ (၅) ဗဟိုဌာနချုပ်ဒေသ မုန်လိုင်ခက် စစ်ရေးလေ့ကျင့်ရေးကျောင်း ၊ လိုင်ဇာမြို့ အထက်တန်းကျောင်း ၊ ပါဂျောင် (Pajau) ၊ မုန်းဆိုင်ယန် (Mung Seng Yang)၊ ဂျေယန့် ဒုက္ခသည်စခန်း (Je Yang)၊ ဖုန်လုံယန် ဒုက္ခသည်စခန်း (Hpung Lum Yang)  နေရာ ၆ ခုတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း ဒေသခံများပြောသည်။

ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်ကို နိုင်ငံတကာတွင်ရောက်ရှိနေသော ကချင်လူမျိုးများလည်း အစီစဉ်များကို အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရမှ နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရန် (KIO) ကို ကမ်းလှမ်းလာသည်ကို အကြိမ်ကြိမ်ငြင်းဆိုခဲ့သည့်နောက် အစိုးရတပ်သည် စစ်ရေးဖြင့်ထိုးစစ်ဆင်မှုများပြုလုပ်လာခြင်းကြောင့် ၂၀၀၉ ခုနှစ်မှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ သီးသန့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတော်များကို မနောပွဲများဖြင့် စည်းကားစွာ ပြုလုပ်နိုင်ခြင်းမရှိတော့ကြောင်း KIA အရာရှိပြောသည်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်နယ်မြေ လိုင်ဇာတွင် ပြီးခဲ့သည့်ဇန်န၀ါရီလအတွင်း အစိုးရစစ်တပ်၏ ပြင်းထန်စွာထိုးစစ်ဆင်မှုကြောင့် လိုင်ဇာဒေသခံများသည် ဒုက္ခသည်စခန်း ၆ ခုသို့ ထွက်ပြေးခိုလှုံလာပြီး ယခုချိန် လူဦးရေ ၂ သောင်းကျော် ရှိနေကြောင်းသိရသည်။

 www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.