Wednesday, February 13, 2013

အစိုးရတပ်ဖွဲ့များနှင့် KIA တပ်များထိပ်တိုက်ရင်ဆိုင်ခဲ့ရာ ပစ်ခတ်မှုမဖြစ်စေရန် ညှိနှိုင်းနိုင်ခဲ့

မြန်မာအစိုးရတပ် (ဘယ်) နဲ့ KIA တပ်ဖွဲ့
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၆ )နယ်မြေ ဂျာရာယန် (Ja Ra Yang)သို့ လှုပ်ရှားလာသော အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင်ခဲ့ရာ  ပစ်ခတ်တိုက်ခိုက်မှုမဖြစ်ပွားစေရန် နှစ်ဖက် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ဖားကန့်မှ မိုင်(၂၀) အကွာရှိ ဗိုလ်ကြီး လဒွဲ ဦးဆောင်သော KIA တပ်ခွဲ (၅) တပ်ဖွဲ့များနှင့် အထက်အမိန့်ကြောင့် လှုပ်ရှားလာသည့် အင်အား ၁၀ ခန့်ရှိသော အစိုးရတပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရာ သေနတ်ပစ်ခတ်မှုမရှိပဲ ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း (၆) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောသည်။

“သူတို့လည်း ကျနော်တို့နဲ့ မပစ်ချင်လို့ တောလမ်းကနေဖြတ်သွားနေတာ။ ကျနော်တို့လည်း သူတို့နဲ့ ပြဿနာမဖြစ်ချင်လို့ တောမှာ ရှောင်နေတာလေ။ အဲဒါကျနော်တို့နေတဲ့ နေရာမှာ သူတို့ ထိပ်တိုက်ရောက်လာတော့ အစိုးရဖက်က ‘နင်တို့ကို ပစ်ဖို့လာတာ မဟုတ်ဘူး။ ကျနော်တို့ တာဝန်အရ  လျှောက်သွားနေဒါပဲ မပစ်နဲ့ တွေ့ဆုံဆွေးနွေးရအောင်’ ဆိုပြီးအော်ပြောတယ်တဲ့။ အဲဒါနဲ့ တွေ့ကြပြီး ‘ညီအစ်ကိုချင်းပဲ ပစ်ခတ်နေရင် အဓ္ဓိပါယ်မရှိဘူး။ ဒီနေ့က စပြီး ပစ်ခတ်တာ မလုပ်တော့ဘူး။’ ဆိုပြီး သူတို့ဟာသူတို့ ဆွေးနွေးပြီးပြန်ကြတယ်တဲ့။ သူတို့ အထက်ကတော့ ကျနော်တို့နေတဲ့ နေရာတွေကို လိုက်စုံစမ်းခိုင်းတာနေမှာပေါ့။ အဲဒါ ထိပ်တိုက်တွေ့တော့ သူတို့လည်း မပစ်ချင် ကျနော်တို့ဘက်ကလည်း ရွာနဲ့နီးနေတော့ မပစ်နဲ့လို့ပြောလိုက်တာ။”

အဆိုပါအစိုးရတပ်ဖွဲ့များသည် ကယားပြည်နယ် အခြေစိုက် ခလရ ၁၀၂ မှဖြစ်ပြီး အထက်အမိန့်အရ ရှေ့တန်းသို့ကြည့်ရှုစစ်ဆေးသွားလာနေသောကြောင့် ထမင်းကောင်းကောင်းမစားရသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် အထက်အမိန့်အရ ပြဿနာဖြစ်ပွားနိုင်သောနေရာများသို့လေ့လာကြည့်ရှုစစ်ဆေး၍ စစ်ပြေငြိမ်းရေးလုပ်ဆောင်ရန် သဘောတူညီချက်အရ လိုက်နာခြင်းဖြစ်သကဲ့သို့ KIA ဖက်မှလည်း ပြဿနာမဖြစ်ပွားစေသည့် လှုပ်ရှားမှုများရပ်ထားချိန် ထိုသို့ညှိနှိုင်းခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း (၆) ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲပြောဆိုသည်။

သို့သော် အစိုးရတပ်များသည် ဖားကန့်နယ်မြေသို့ စစ်အင်အား အမြောက်အများဖြင့် တိုးချထားခြင်းသည် KIA တပ်စခန်းများကို သိမ်းပိုက်ပြီး  ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ အခွန်အကောက်များကိုဖြတ်တောက်၍ ကျောက်စိမ်းကုမ္ပဏီလုပ်ငန်းများကို အပိုင်သိမ်းပိုက်နိုင်ရန်ကြိုးစားနေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇော်ဒွဲက ရှုမြင်သည်။

“သူတို့က ဒီနေရာမှာ ဒီလောက်တပ်များများနဲ့ ဆိုတာက ကောင်းတဲ့အခြေအနေတော့ မဟုတ်ဘူးလေနော်။ သူတို့ အစီအစဉ်တွေ ကြားတာကတော့ ဒီမှော်နယ်မြေမှာ သူတို့အင်အားအများနဲ့ တက်လာပြီး တပ်တွေကို သိမ်းပိုက်လိုက်ပြီး ကျောက်စိမ်းပြန်တူးစားမယ် ဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်နေတယ်ဆိုတာတော့ သူတို့အထဲမှာ နည်းနည်းတော့ ကြားမိတယ်။ နံပါတ် ၂ က ကျနော်တို့ KIO တွေကို ကုမ္ပဏီတွေနဲ့ နည်းနည်းတောင် ပတ်သက်လို့မရအောင် ကျနော်တို့ အပြင်ကို ရောက်သွားအောင် ဆိုတဲ့ အစဉ်အစဉ်တွေလည်း ပါတယ်တဲ့။”

ယခုချိန် အစိုးရတပ်ဖွဲ့တို့သည် ဖားကန့် ကျောက်စိမ်းမှော်များတွင် စွန့်ပစ်ကျောက်စိမ်းရိုင်းတုံး ကောက်နေသော (ရေမဆေးသမား) ပြည်သူများကိုလည်း ရမ်းတမ်းပစ်ခတ်နေကြောင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများ၏ ပစ္စည်းလုယူခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

“နေ့တိုင်းပစ်တယ် ထိတော့ မထိဘူး။ တံတိုင်တွေကိုင်ပြီး ဆိုင်ကယ်နဲ့သွားတဲ့ လူတွေဆီကလည်း ကျောက်စိမ်းတွေ့ရင် ကျောက်စိမ်းယူလိုက်၊ ရွှေလက်စွပ်စွပ်ရင် လက်စွပ်ချွတ်ယူ၊  နာရီပတ်ထားရင် နာရီယူပေး ပုံမှန်လုပ်နေတယ်။ အဲလိုမျိုးကနေ့တိုင်းလုပ်နေတယ်။” ဒေသခံတစ်ဦးကပြောသည်။

ယခုချိန် ဖားကန့် KIA တပ်ရင်း( ၆) နယ်မြေတွင် အစိုးရတပ်ဖွဲ့ တပ်ရင်း( ၁၄) ခုဖြင့် တပ်ချလှုပ်ရှားနေကြောင်းသိရသည်။

ယခုထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားသော ဗိုလ်ကြီး လဒွဲဦးဆောင်သော တပ်ခွဲ (၅) တပ်ဖွဲ့များသည် ယခင်က လမောင်ဘွမ် (Lamawng Bum)တွင် စခန်းချထားရာ ဇန်န၀ါရီလအတွင်း အစိုးရတပ်ဖွဲ့များ ထိုနေရာသို့ အင်အားတိုးချထိုးစစ်ဆင်လာသောကြောင့် တပ်ခွဲ ၉ ညောင်ထောက်စခန်းသို့ ပြန်လည်နောက်ဆုတ်၍ ပူးပေါင်းထားသောတပ်ဖြစ်သည်။

ထိုသို့ပြောင်းရွှေ့ကာ ပူးပေါင်းလာစဉ် အစိုးရတပ်ဖွဲ့များမှ ထပ်မံထိုးစစ်ဆင်လာသောကြောင့် ၂ ရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ၄င်းအနီးရှိရွှာမှ ပြည်သူ ၄၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရသော်လည်း ရွာသားများထိခိုက်ဒဏ်ရာရမှုနှင့်ပတ်သက်၍ အတိအကျအတည်ပြုချက်မရရှိသေးပေ။

သို့သော် KIA တပ်များသည် အဆိုပါ တိုက်ပွဲများလက်ဆက်တိုက်ပွဲဖြစ်ပွားပါက ပြည်သူများ ဆက်လက်ထိခိုက်မည်စိုးရိမ်သောကြောင့် ၎င်းတပ်ဖွဲ့များအားလုံးကို ယခုအခြေချထားသော ဂျာရာယန် (Ja Ra Yang) ဘက်သို့  ပြန်လည်နောက်ဆုတ်တပ်ချထားခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇော်ဒွဲကပြောသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.