Friday, February 22, 2013

ကချင်ဒုက္ခသည်စခန်းသို့ အကူညီပေးရာမှအပြန် နေမျိုးဇင်အဖွဲ့အား အစိုးရမှ အနှောက်ယှက်ပေးခဲ့


ဦးနေမျိုးဇင်ဦးဆောင်သော ရန်ကုန်အခြေစိုက် မြန်မာ့လူမှုရေးဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ ကို ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့သို့ ဒုက္ခသည်များကိုကူညီရာမှအပြန် လဂျားယန်ရှိ မြန်မာအစိုးရဂိတ်က တားမြစ်၍အနှောက်အယှက်ပေးခဲ့သောကြောင့် အပြန်ခရီးအခက်ခဲရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာမြို့ (Laiza Muklum) ရှိဒုက္ခသည်များကို အကူအညီပစ္စည်းများပေးခဲ့ပြီးနောက် ဖေဖ၀ါရီ ၂၂ ရက်နေ့က အဆိုပါ အယောက် ၃၀ ကျော်ပါ သည့် ဦးနေမျိုးဇင်ဦးဆောင်သောအဖွဲ့သည် လိုင်ဇာမြို့မှ ဗန်မော်သို့အပြန် လဂျားယန်ရှိ အစိုးရဂိတ်မှ တားမြစ်၍ နေပူထဲ လှမ်းထားခဲ့သည်ဟုမြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ် တပ်ဦး (ABSDF)  ပြောရေးဆိုခွင့်ရှိသူ ဦးလဆိုင်း ကပြောသည်။

“လိုင်ဇာကနေအပြန် ၁ နာရီလောက်ကနေ လဂျားယန် အစိုးရဂိတ်မှာ နေပူလမ်းထားတာ ကြုံရတယ်တဲ့။ ကျနော်ထင်တာက KIO နယ်မြေ ဒုက္ခသည်စခန်းတွေကို လာပြီးကူညီတယ်ဆိုတာကို မလိုလားတဲ့သဘောပေါ့။ အနောက်အယှက်ပေးတယ်ဆိုတဲ့ သဘောပေါ့။ သူတို့အမြဲတမ်း လုပ်နေတဲ့ အကျင့်ကိုပြတာပေါ့။ လမ်းကြောင်း အမျိုးမျိုးနဲ့ပေါ့နော်။”

၎င်းအဖွဲ့တို့သည် အစိုးရတပ်များ တားမြစ်ခြင်းခံခဲ့ရသောကြောင့် ညနေ ၄ နာရီခန့်တွင် နဂိုလာလမ်းတိုင်းမဟုတ်ပဲ မုန်လိုင်ချောင်းကိုကူးကာ ပြန်ခဲ့ရကြောင်း သိရသည်။

အစိုးရဖက်မှ အနှောက်အယှက်ပေးမှုကြောင့် လမ်းခရီးအခက်ခဲရင်ဆိုင်ခဲ့ရသော်လည်း KIO ၏အကူအညီဖြင့် အပြန်ခရီးဆက်ခဲ့ရသည်ဟု KIO ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘား ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။

“သူတို့ဖြတ်သွားရမယ့် တံတားအောက်မှာ KIA တွေဆီက ရထားတဲ့ ဗုံးတွေကို ထောင်ထားတယ်တဲ့။ လူကြီးလာမယ် စောင့်အုံးဆိုပြီး တနေကုန်အဲဒီမှာစောင့်ထားခိုင်းတယ်တဲ့။ စောင့်နေလည်း လူကြီးလည်း ရောက်မလာ စစ်သားတွေလည်း ဘယ်သူမှပြန်လာမကြည့်တော့  KIA တွေရှိတဲ့ဘက်ကို ပြန်ဆုတ်လာပြီး ရေလမ်းကနေ ဖြတ်ကူးသွားကြပြီတဲ့။ ဟိုဘက်ကမ်း ရောက်တော့ မနေ့က သူတို့စီလာတဲ့ကား ဒီဘက်ကိုဖြတ်လာမရလို့ ဟိုဘက်ကမ်းမှာထားထားတာ။  ဒီဘက်ကနေ ကျနော်တို့ ပြန်လာကြိုတာ။ အဲဒီ သူတို့ကားထားတဲ့ နေရာရောက်တာ့ ကားဘက်ထရီတွေ အကုန်ဖြုတ်ထားပေးတယ်တဲ့။ ဒါပေမဲ့ ပြန်ပြင်ပြီး ဆင်းသွားမယ်တော့ပြောတယ်။ လမ်းမှာ ဘာပြန်ဖြစ်မလဲတော့ မသိဘူး။”

အဆိုပါ ဦးနေမျိုးဇင်ဦးဆောင်သောအဖွဲ့တို့သည် ဖေဖ၀ါရီလ ၁၉ နေ့တွင် ဆိုင်ကယ်အပါအ၀င် ကူညီရေးပစ္စည်းများတင်သော ကားနှင့်အတူ ဗန်းမော်မြို့မှ လိုင်ဇာသို့အလာတွင်လည်း လိုင်ဇာမှ ၁၀ မိုင်ခန့်ဝေးသည့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး အစိုးရတပ်စခန်းတခုက လိုင်ဇာသို့ဆက်မသွားရန် တားမြစ်ခြင်းခံခဲ့ရကြောင်းသိရသည်။

ထို့နောက်မှ  KIO ထံ ဆက်သွယ်လာပြီး ၎င်းနယ်မြေအနီးရှိ KIA တပ်ဖွဲ့များ၏ အကူအညီဖြင့် လမ်းတွင် တစ်ညအိပ်ပြီး ဖေဖေါ်ဝါရီလ ၂၁ ရက် လိုင်ဇာသို့ရောက်ရှိကာ အကူအညီအချို့ပေးနိုင်ခဲ့ပြီး ယခုတခါ ဖေဖ၀ါရီလ ၂၁ ရက်နေ့ ၁၂ နာရီခန့်တွင် လိုင်ဇာမှ အပြန်တွင်လည်း လဂျားယန်အစိုးရဂိတ်တွင် ဆက်လက်တားမြစ်ခံထားရခြင်းဖြစ်ကြောင်းသိရသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.