Wednesday, February 13, 2013

အစိုးရတပ် နောက်ဆုတ်ထားသော ရှေ့တန်းစခန်းတခုကို KIA ပြန်လည်နေရာယူလိုက်

လိုင်ဇာ ဗဟိုဌာနချုပ် လုံခြုံရေးယူနေတဲ့ KIA စစ်သားများ။

မြန်မာအစိုးရတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ ရှေ့တန်း တပ်စခန်းတစ်ခုဖြစ်သော် ဂျော်မော် (Jaw Maw)စခန်းကို အစိုးရတပ်ဖက်မှ ဆုတ်ခွာသွားသောကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က KIA တပ်ရင်း (၂၅)မှ  ပြန်လည်နေရာယူလိုက်ကြောင်း သိရသည်။

KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) နယ်မြေရှိ (KIA) ဂျော်မော် (Jaw Maw) ရှေ့တန်းတပ်စခန်းကို အစိုးရတပ်ဖက်မှ ရိက္ခာပြတ်လပ်မှုကြောင့် ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု တပ်မဟာ (၅) အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“အဲဒီတပ်တွေက ငတ်ပြတ်တာအရမ်းကြာနေပြီ။ အဲဒါကြောင့် ရွာဖက်ကို ပြည်သူလူထုတွေ၊ စီးပွားရေးသမားတွေဆီက ပိုက်ဆံတောင်းစားဖို့အတွက် ဆုတ်သွားတာ။ ပစ္စည်းသေးသေးတောတောတွေချန်ထားတယ်။ သူတို့ကြောက်လည်းနည်းနည်းတော့ ကြောက်တဲ့သဘောပဲ။ အဲဒီမှာရှိတဲ့ ကြိတ်ဆုံတွေကို မီးရှို့ထားတယ်။ ပြီးတော့ ဗုံးတွေထောင် ထားကြတယ်။”

အဆိုပါ အစိုးရတပ်သည် ယခုချိန် မုန်လိုင်ခကျေးရွာ (Munglai Hka) အနီးရှိ နန်အီ (Nang I) ဘက်သို့ ဆုတ်သွားကြောင်း သိရသည်။

၎င်း KIA ဂျော်မော် (Jaw Maw) ရှေ့တန်းစခန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရတပ် ခမရ (၄၃၈၊ ၃၂၀) မှ စုပေါင်းအင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် KIA  တပ်မှ ၁ ဦးကျကာ ၃ ဦးဒဏ်ရာရှိပြီးနောက် ဆုတ်လိုက်သည့် စခန်းဖြစ်သည်။

အစိုးရတပ်သည် KIA တပ်ရင်း (၂၅) နယ်မြေအတွင်း ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း သိရသည်။

၎င်းစခန်းသည် မဟာဗျူဟာကျသည့် စခန်းမဟုတ်သော်လည်း ကချင်လွတ်မြောက်တပ်ဖွဲ့၏ အချက်အချာကျသည့် နေရာတခုဖြစ်ကြောင်းလည်းသိရသည်။

ယခုချိန် အစိုးရနှင့် KIO ဒီတကြိမ်တွေ့ဆုံဆွေးနွေးမှုတွင် စစ်ပြေငြိမ်းရေးကို နှစ်ဘက်ရှေ့တန်းစခန်းများတွင် လေ့လာကြည့်ရှုဆောင်ရွက်သွားရန် သဘောတူခဲ့ပြီးနောက် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လဂျားယန် (Lajayang) အနီးဝန်းကျင်ရှိ အစိုးရတပ်သည် အချိန်ကန့်သတ်မရှိ သေနတ်များဖြင့် ရမ်းတန်းပစ်လျက်ရှိကြောင်း သိရသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.