Monday, February 25, 2013

KIA တပ်ရင်း (၆) ဌာနချုပ်တွင် အစိုးရတပ်များအလံစိုက်ထူကာ စခန်းချထား

ဖါးကန့် ကေအိုင်အေ တပ်ရင်း ၆ ဌာနချုပ် ဂင်စီ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၆) ဌာနချုပ်တွင် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှ မြန်မာအစိုးရအလံကို စိုက်ထူထား၍ စခန်းချလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖားကန့် ဂင်စီကျေးရွာတွင်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နောက်ဆုတ်ထားသော တပ်ရင်း (၆) ဌာနချုပ်ကုန်းတွင် အစိုးရစစ်တပ်မှ မြန်မာအလံကို စိုက်ထူထားကာ စခန်းချနေရာယူထားခြင်းကြောင်း ဖားကန့်ဒေသခံများပြောသည်။

အစိုးရတပ်ဖွဲ့များသည် ထိုတပ်ရင်း (၆) ၏ ခန်းမတွင်ရှိသော ထိုင်ခုံများနှင့် KIA တပ်များ၏ ကျန်ရှိနေသော အသုံးအဆောင်ပစ္စည်းများကို ကား အစီး ၃၀ ကျော်ဖြင့် ဖားကန့်သို့ သယ်ယူသွားကြောင်း မျက်မြင်သက်သေတစ်ဦးပြောသည်။

ထို့ပြင် တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ထားသော ဖားကန့် ကျောက်စိမ်းနယ်မြေရှိ ဂင်စီ၊ ဘော်ဆာဒီး၊ တန်ဂေါင်၊ ဂင်စီခေါ် စသည့် ဒေသခံတို့၏နေအိမ်များမှ ပစ္စည်းများကိုလည်း သော့ရိုက်ဖွင့်ကာ ကားအစီး ၆၀ ကျော်ဖြင့် သယ်ယူသွားကြောင်း မျက်မြင်သက်သေများ ပြောသည်။

ဒေသခံများ၏ နေအိမ်များမှ အစိုးရတပ်ဖွဲ့များလုယက်မှုနှင့်ပတ်သက်၍ ဒေသခံတစ်ယောက်က ကချင်သတင်းဌာနသို့ အောက်ပါတိုင်း ဝေဖန်ပြောဆိုလာသည်။

“သမ္မတဦးသိန်းစိန်ပြောတဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာ ရပ်ပြီဆိုတာ အလကားပဲ။ အကျိုးမရှိတဲ့စကားပဲ။ မမှန်ဘူး။ သမ္မတ တစ်ယောက်လုံးရဲ့ စကားလည်း မယုံရတော့ဘူး။ ကျနော်တို့ ပြည်လူထု ဆင်းဆင်းရဲရဲနဲ့ ချွေးစာနဲ့ ရှာထားတဲ့ ပစ္စည်းတွေကို အလကား ယူပေးလိုက်တယ်။ ဓါးမြလိုလို လုပ်နေကြတယ်။”

KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) ကို ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း အစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ချိန် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် KIA မှ နောက်ဆုတ်ပေးလိုက်ခြင်းဖြစ်သည်။

ထို့နောက် မြန်မာအစိုးရက ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍ ဖားကန့်ကျောက်စိမ်းမှော်များတွင် ကျောက်တူးသော ရေမဆေးကောက် ပြည်သူများကို ညမထွက်ရအမိန့်ထုတ်ထား ကြောင်းသိရသည်။

ထို့နောက် ယခုချိန် ဖားကန့် ကျောက်စိမ်းမှော်များတွင် စွန့်ပစ်ကျောက်စိမ်းရိုင်းတုံး ကောက်နေသော (ရေမဆေးသမား) ပြည်သူများကိုလည်း ရမ်းတမ်းပစ်ခတ်မှုများနှင့် လမ်းသွားလမ်းလာ ပြည်သူများ၏ ပစ္စည်းလုယက်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများပြောသည်။

အစိုးရတပ်များသည် ဇန်န၀ါရီလကုန်ပိုင်း KIA ဌာနချုပ်လိုင်ဇာတွင် ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး အရေးကြီးတပ်စခန်းများကို သိမ်းပိုက်လိုက်ပြီးနောက် ဖားကန့်ဒေသဖက်သို့ ဆက်လက်ထိုးစစ်ဆင်အင်အားတိုးချဲ့လာခြင်းဖြစ်ကြောင်း KIA အရာရှိများပြောသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.