Friday, February 8, 2013

ဝိုင်းမော်မြို့နယ် “ဇ” ဒုက္ခသည်စခန်းတွင် ဆေးဝါးပြတ်လပ်မှုကြောင့် ခက်ခဲရင်ဆိုင်နေရ


လိုင်ဇာအနီး Hpunglum Yang ဒုက္ခသည်စခန်း။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ “ဇ” (Za) ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၅၀ ခန့်  ဖျားနာမှုများဖြစ်ပွားနေသော်လည်း ဆေးဝါးများပြတ်လပ်နေခြင်းကြောင့် အခက်အခဲရင်ဆိုင်နေရကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

ဖျားနာသူများသည် နေ့စဉ်ဆေးခန်းသို့ ပုံမှန် အယောက် ၃၀ သည် ဆေးကုသမှုခံယူနေရခြင်းဖြစ်သော်လည်း ၄င်းတို့အတွက်ဆေးဝါးများ ပြတ်လပ်နေခြင်းကြောင့် ရောဂါနှင့် နီးစပ်သည့် ဆေးများကိုသာ စပ်ပြီးပေးနေရကြောင်း စခန်းက
ကျမ်းမာရေးစောင့်ရှောက်သူ ဆရာဝန် ယော်ထုံကပြောသည်။

“ဇ” ဒုက္ခသည်စခန်းတွင် သောက်သုံးရေနှင့် ဆေးဝါးများလိုအပ်နေခြင်းဖြစ်ပြီး ယခုချိန် အဆိုပါဖျားနာနေသူများအတွက် ရောဂါအလိုက်လိုအပ်သောဆေးဝါးများ ပြတ်လပ်သွားသည်မှာ ၁ လ ရှိပြီဖြစ်ကြောင်း သိရသည်။

ယခုချိန် ဒုက္ခသည်စခန်းတွင် အရေးပြားရောဂါဖြစ်ပွားနေသူ ၁၀ ဦး၊  ဝမ်းပျက်ဝမ်း လျှောဖြစ်နေသူ ၄ ဦး၊ ငှက်ဖျားဖြစ်သူ ၄ ဦးနှင့် နှားစေးချောင်းဆိုး ဖြစ်နေသူများ အယောက် ၃၀ ကျော် ရှိပြီး အားလုံး လူဦးရေ ၅၀ ခန့်ကျမ်းမာရေးအားနည်းနေခြင်းဖြစ်ကြောင်း သိရသည်။ 

ယခုချိန် ရာသီဥတုအပြောင်းအလဲနှင့် ၎င်းစခန်းတွင်ဖုံများသောကြောင့်အပါအ၀င် တကိုယ်ရည်သန့်ရှင်းမှုလိုအပ်သောကြောင့်လည်း ရောဂါ လက္ခဏာများ အမျိုးမျိုးဖြစ်ပွား နေဖြင်းဖြစ်သည်ဟု ကျမ်းမာရေးဌာနမှပြောသည်။

ဒုက္ခသည်စခန်းမှ ဆေးခန်းသို့နေ့တိုင်းလူနာမပြတ်ရှိနေသော်လည်း သေဆုံးမှုထိ မဖြစ်သေးကြောင်း သိရသည်။

အဆိုပါဒုက္ခသည်စခန်းတွင် မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ဆေးဝါးထောက်ပံ့မှုရရှိသော်လည်း ၃ လမှ ၁ ကြိမ် ရောက်လာသောကြောင့် ဆေးဝါးများပြတ်လပ်မှု အခက်ခဲရင်ဆိုင်နေရခြင်းဖြစ်သည်ဟု Za  “ဇ” စခန်းက ကျမ်းမာရေးဌာနက ဆရာဝန် ယော်ထုံ KNG ကချင်သတင်းဌာနသို့ပြောသည်။

“ဆေးဝါတွေက KBC ကနေကူညီနေတာတော့ ဟုတ်တယ်။ ဒါမဲ့ ဆေးတွေကို မြစ်ကြီးနားကနေ ဝယ်ပြီးတော့ မန္တလေး-ကန်ပိုင်တီလမ်းကနေ လာရတယ် ဆိုတော့ လမ်းမှာလည်း အစိုးရတပ်တွေကရှိနေတော့ သူတို့လည်း များများဆေးတွေ မပို့နိုင်ဘူး။ အချိန်တွေကြာသွားတော့ ဆေးတွေက မလောက်ဘူးဖြစ်နေတယ်။” ဟု ပြောသည်။

၎င်းဒုက္ခသည်စခန်းတွင် ယခုချိန် ရေများခက်ခဲခြင်းကြောင့် အရေပြားရောဂါဖြစ်ပွားမှု ပိုအဖြစ်များလာနေသည်ဟု သိရသည်။ 

မိုးတွင်းကာလ မြစ်ချောင်းများမှ သောက်သုံးရေများကို ရေပိုက်များဖြင့် သွယ်ယူသုံးနိုင်သော်လည်း နွေရာသီတွင် မြစ်ချောင်းရေများခမ်းခြောက်ပြီး သုံးစွဲရန် ရေများ ခက်ခဲ လာသည်ဟု ဆက်ဆိုသည်။

“ရေက အခုပွင့်လင်းရာသီဖြစ်လာတော့ နဂိုကယူနေတဲ့ ရေတွေက ခန်းသွားတော့ အခု ရေကြီးတဲ့ဘက် သွားယူရမယ်ဆိုလဲ ရေပိုက်ကမလောက်တော့ အရမ်းခက်နေတယ်။”

“ဇ” ဒုက္ခသည်စခန်းတွင် လူဦးရေ ၂၅၅၆ ဦး ခိုလုံလျက်ရှိပြီး ဆေးဝါးပြတ်လပ်သည့်ကြားမှ ဖျားနာနေသူများသည် ဆေးခန်းသို့နေ့စဉ် လူနာမပြတ် ဆေးကုသမှုခံယူနေသော်လည်း  သေဆုံးမှုထိတော့ မဖြစ်သေးကြောင်း စခန်းတာဝန်ရှိသူများပြောသည်။ 

အဆိုပါဒုက္ခသည်စခန်းသည် ကူညီပေးသောအဖွဲ့အစည်းများ လာရောက်ရန် လမ်းခရီးနှင့် လုံခြုံရေးအခက်ခဲဖြစ်သော နေရာဖြစ်သည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.