Wednesday, February 13, 2013

စစ်မှန်သောငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းပေါ်တွေ့ဆုံဆွေးနွေးမည်ဟု သမ္မတဦးသိန်းစိန်၏ ပြောဆိုမှုအပေါ် KIO ၀မ်းမြောက်စွာကြိုဆို


KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ (လယ်)။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော အဖွဲ့နှင့် KIO အမြဲတမ်းဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ဆွေးနွေးရေးအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင်တွေ့ဆုံစဉ် “ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန်အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားနေသောနေရာများတွင် လေ့လာစောင့်ကြည့်စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေး” သဘောတူညီမှုရရှိကာ ပူးတွဲထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ KIO ဖက်မှ သမ္မတ၏ စာကိုလည်းကြိုဆိုကြောင်း လူထုကို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြေငြာချက်တွင် KIO ခေါင်းဆောင်များသို့လိပ်မူသော သမ္မတ၏ လက်မှတ်ထိုးပေးပို့သည့် စာတစ်စောင်ကိုလည်းလက်ခံရရှိခဲ့ရာ “ကျနော်တို့အားလုံး တနိုင်ငံတည်းမှာ တရေထဲသောက် တမြေထဲနေကြသူ တိုင်းရင်းသားများဖြစ်ကြပြီး အယူအဆကွဲလွဲနိုင်တာကို ကျနော့်အနေနဲ့ နားလည်စာနာပါတယ်။  ပြည်ထောင်စုကြီးတခုလုံး ဒီမိုကရေစီနိုင်ငံဖော်ဆောင်ရေး၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်ကြောင်း ကျနော့်အနေနဲ့ရိုးသားစွာယုံကြည်ပါတယ်။”

“ယခုစတင်ပြုလုပ်မဲ့ဆွေးနွေးပွဲများ အောင်မြင်ပါစေကြောင်း၊ ဆန္ဒပြုပါတယ်။ ကျနော်တို့အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူလူထုသို့ အကြိမ်ကြိမ်အသိပေး တင်ပြထားပြီးဖြစ်ပါတယ်။” ဟု ဖော်ပြပါရှိသည်ကို တွေ့ရှိရပါသဖြင့် ဝမ်းမြောက်စွာဖြင့်ကြိုဆိုကြောင်း ပါရှိသည်။

ထို့ကြောင့် KIO ဗဟိုကော်မတီမှလည်း စစ်မှန်သောငြိမ်းချမ်းရေးရရှိနိုင်ရန်နှင့် တိုင်းရင်းသားများအားလုံးအတွက်တန်းတူညီမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင်တွေ့ဆုံဆွေးနွေးကာ အဖြေရှာမည်ဖြစ်ကြောင်း မိဘပြည်သူ ရဟန်းရှင်လူအများ သိရှိနိုင်ရန် ကြေငြာလိုက်ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့ဝင်များ ၆ ဦး နှင့် KIO မှ အမြဲတမ်းဗဟိုကော်မတီဝင် ၅ ဦးအပါဝင် ကရင်၊ ရှမ်း၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များဖက်မှ ၇ ယောက်နှင့် တရုတ်သမ္မတနိုင်ငံမှ သံအမတ်ကြီးနှင့် သံမှူးတို့ပါဝင်တက်ရောက်ကာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်ဟုဆိုသည်။

လတ်တလောတွေ့ဆုံဆွေးနွေးမှုနောက်ပိုင်းတွင် ကချင်ပြည်နယ်တွင်း စစ်ရေးတင်းမာမှုများ အရှိန်လျော့နည်းလာနေသော်လည်း အစိုးရတပ်များ ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်းသိရသည်။

KIO ဗဟိုဌာနချုပ်လိုင်ဇာအနီး လဂျားယန် (Lajayang) နယ်မြေတွင် သမ္မတမှ စစ်ရပ်ဆိုင်းထားကြောင်း ကြေငြာခဲ့ပြီးနောက် ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIA စခန်းများကို သိမ်းပိုက်ထားခဲ့သည်။

ယခုချိန် ထိုနေရာတ၀ိုက် တိုက်ပွဲများငြိမ်သက်နေသော်လည်း အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည်ဟု KIO အမြဲတမ်းဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) ပြောသည်။

“လိုင်ဇာမှာတော့ သူတို့ဖက်က လဂျားယန်အနီးတ၀ိုက် ထိုးစစ်မဆင်ဘူးလို့ ဦးသိန်းစိန်ပြောထားတယ် ဒါပဲရှိတယ်။ အခုသူတို့ရောက်နေတဲ့နေရာမှာပဲ အခြေချနေကြတယ်။ အခုက ဘယ်အချိန်ထိဆိုတာသတ်မှတ်ထားတာမရှိဘူး။ ဘယ်အချိန်လောက်ထိ ခံမယ်ဆိုတာ မပါဘူး။ အချိန်မသတ်မှတ်ဘူး ဆိုတော့ အဓိပ္ပါယ်ကအမျိုးမျိုးဖြစ်တယ်။” ဟုပြောသည်။

တွေ့ဆုံဆွေးနွေးမှုတွင် တင်းမာမှုလျှော့ချရေးနှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပြီးနောက် နှစ်ဖက်တပ်များထိပ်တိုက်ရင်ဆိုင်နိုင်သော နေရာများသို့ကြည့်ရှုစစ်ဆေးကာ ပြဿနာများကို ဆက်လက်ဖြေရှင်းနိုင်ရန် ယခု ဖေဖ၀ါရီလမကုန်မီ အသေးစိတ် ပြန်လည်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.